DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးကောင်စီအနေဖြင့် R2P သုံးပြီး အမြန်ဆုံးအရေးယူဆောင်ရွက်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို
DVB
·
August 4, 2022
လုံခြုံရေးကောင်စီအနေဖြင့် R2P သုံးပြီး အမြန်ဆုံးအရေးယူဆောင်ရွက်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို
Donate to DVB

ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်က တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေဆီ စစ်ရေးထောက်ပံ့တာတွေပါတဲ့ R2P မူဝါဒကိုသုံးပြီး ဖြစ်နိုင်တဲ့ အရေးယူတာတွေ အမြန်ဆုံးချမှတ်လုပ်ဆောင်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက  တောင်းဆိုလိုက်ပါတယ်။

ဩဂုတ် ၃  ရက်က Asia Society Policy Institute က ဦးစီးကျင်းပတဲ့ “မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ရက်စက်ဆိုးဝါးသည့် ပဋိပက္ခအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း” ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောခဲ့တာဖြစ်ပြီး တရားမဝင်စစ်တပ်အုပ်ချုပ်မှုရှိနေသရွေ့ ဘယ်သောအခါမှ ပဋိပက္ခဖြစ်တာတွေ ပြီးမှာ မဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ရဲ့ ရက်စက်ယုတ်မာတာတွေကို တားဆီးပေးဖို့ကိုလည်း တောင်းဆိုပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံဟာ အလုံးစုံပျက်သုဉ်းတဲ့နိုင်ငံ ဖြစ်လာဖို့ ဦးတည်နေတဲ့အပေါ် အင်မတန် စိုးရိမ်နေတယ်လို့ ပြောပြီး နိုင်ငံတကာ အသိုက်အဝန်းကို အချက် ၆ ချက် တောင်းဆိုခဲ့ပါတယ်။

ဒါတွေကတော့ စစ်အာဏာရှင်ရဲ့ နိုင်ငံတကာ ကိုယ်စားပြုမှုတွေအားလုံးကို ဆိုင်းငံ့ရပ်ဆိုင်းဖို့၊ လူသားမဆန်တဲ့ စစ်တပ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေရဲ့ ငွေစီးဆင်းမှုလမ်းကြောင်းအားလုံးကို ဖြတ်တောက်ဖို့၊ အာဆီယံအစည်းအဝေးတွေမှာ စစ်တပ်အာဏာရှင်ကို ကိုယ်စားပြုခွင့်မပေးဖို့၊ စစ်တပ်အုပ်ချုပ်မှုရပ်တန့်ရေးအတွက် နောက်ထပ်အရေးယူဆောင်ရွက်ရန်ဖို့နဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို ပြန်သုံးသပ်ဖို့၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေနဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစုတွေဆီ တပ်ဖွဲ့တွေစေလွှတ်ဖို့နဲ့ စစ်ရေးထောက်ပံ့တာတို့ ပါဝင်တဲ့ R2P မူဝါဒကို သုံးပြီး ဖြစ်နိုင်တဲ့ အရေးယူတာတွေ အမြန်ဆုံးချမှတ်ဖို့၊ ယူကရိန်းနိုင်ငံကို ကူညီပေးသလို မြန်မာပြည်သူတွေကိုလည်း ကူညီစောင့်ရှောက်ဖို့၊ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုဖို့တို့ ဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာစစ်တပ်ရဲ့ အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုနဲ့ လူသားမဆန်မှုတို့ကို တကမ္ဘာလုံးအနေနဲ့ မြင်ခဲ့ပြီးဖြစ်လို့ မြန်မာပြည်သူတွေ ပြင်းပြင်းထန်ထန် အကူအညီတောင်းဆိုနေတာကို ဆက်ပြီး လျစ်လျူမရှုသင့်ဘူးလို့ ပြောပါတယ်။

စစ်တပ်က နိုင်ငံတော် သစ္စာဖောက်ဖျက်ပြီး အာဏာသိမ်းဖို့ အကြောင်းပြခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်ဆိုတာဟာလည်း မဟုတ်ဘဲ ကြီးမားတဲ့ ရွေးကောက်ပွဲ မူမမှန်တာ တစုံတရာမတွေ့ဘူးလို့ လွတ်လပ်တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေက ထုတ်ဖော်အတည်ပြုထားတယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တည်ငြိမ်ရေး အကြောင်းပြချက်နဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေသတ်မှတ်ထားတာ နောက်ထပ် ၆ လ သက်တမ်းတိုးတယ်လို့ ကြေညာတာဟာလည်း လုံးဝအဓိပ္ပါယ်မရှိဘဲ ပြည်သူတွေရဲ့ မွေးရာပါအခွင့်အရေးတွေကို လုယူခဲ့တာပဲ လို့ ပြောပါတယ်။

ပြီးတော့ တရားမဝင်စစ်တပ်အုပ်ချုပ်မှုရှိနေသရွေ့ ဘယ်သောအခါမှ ပဋိပက္ခဖြစ်ပွားတာတွေ အဆုံးမသတ်ဘူးဆိုတာကို အလေးထား ပြောလိုပြီး စစ်တပ်ရဲ့ ရက်စက်မှုနဲ့ ကြမ်းကြုတ်မှု သရဖူဆောင်းတဲ့ကာလဟာ တည်ငြိမ်မှုကို လုံးဝ ယူဆောင်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

နိုင်ငံတကာအသိုက်အဝန်းက မေတ္တာရပ်ခံတောင်းဆိုနေတဲ့ကြားကပဲ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်သူ ၄ ယောက်ကို မကြာခင်က  ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဟာ  လူ့အသက်တွေကို စစ်တပ်က စိတ်ထင်တိုင်း စီရင်သတ်ဖြတ်တာနဲ့ လူ့အခွင့်အရေးချိုးဖောက်တာရဲ့ နောက်ထပ်သာဓကဖြစ်ပြီး စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကြားက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေအပါအဝင် ဒီမိုကရေစီအင်အားစုတွေအကြား အရင်ကမကြုံဖူးတဲ့  စည်းလုံးညီညွတ်မှုနဲ့ စစ်တပ်အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်ရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် ပူးပေါင်းဆောင်နေကြတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း မစ္စတာ စကော့ မာဆီရယ် လည်း တက်ရောက်ခဲ့ပြီး မြန်မာပြည်သူတွေဟာ စစ်တပ်အုပ်ချုပ်မှုအောက်မှာ နေထိုင်ဖို့ လုံးဝဆန္ဒမရှိတာ အထင်အရှားဖြစ်ပြီး မြန်မာပြည်သူအားလုံးဟာ တညီတညွတ်တည်း စစ်တပ်အာဏာရှင်ဆန့်ကျင်နေကြကြောင်း၊ မြန်မာစစ်တပ်ဟာ အာရှမှာ Khmer Rouge အာဏာရှင်လက်ထက်နောက်ပိုင်း အဆိုးဝါးဆုံးနဲ့ အရက်စက်ဆုံးအာဏာရှင်လို့ သတ်မှတ်နိုင်ကြောင်းပြောပါတယ်။

ဒါ့အပြင် အာဆီယံသဘောတူညီချက် ၅ ရပ် ဟာ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘဲ ပြန်လည်သုံးသပ်သင့်ကြောင်း၊ အာဏာရှင် မြန်မာစစ်တပ်ဟာ ဘယ်သူ့စကားကိုမှ နားထောင်မှာမဟုတ်ဘဲ သင့်တင့်မှန်ကန်တဲ့ နိုင်ငံရေးဆွေးနွေးမှုကိုလည်း မြန်မာစစ်တပ်ဆီက ရဖို့ မဖြစ်နိုင်ကြောင်း၊ စစ်ကောင်စီကို ဖိအားအများဆုံးပေးပြီး တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တခြားမိတ်ဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့သင့်တယ်လို့လည်း အမေရိကန်သံအမတ်ဟောင်းက ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013