DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းနှင့် မကွေး မှတ်ပုံတင်ကိုင် အလုပ်သမားများကို အလုပ်မခန့်၊ အလုပ်ထုတ်မှုများ ရှိနေ
DVB
·
August 4, 2022
စစ်ကိုင်းနှင့် မကွေး မှတ်ပုံတင်ကိုင် အလုပ်သမားများကို အလုပ်မခန့်၊ အလုပ်ထုတ်မှုများ ရှိနေ
Donate to DVB

ရန်ကုန် စက်မှုဇုန်တွေမှာရှိတဲ့ စက်ရုံအလုပ်ရုံတချို့မှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အလုပ်သမားတွေကို   အလုပ်မခန့်တာနဲ့  လက်ရှိလုပ်ကိုင်နေတဲ့သူတွေကို အလုပ်ထုတ်ပစ်တာတွေ ရှိနေတယ်လို့ အလုပ်သမားအသိုက်အဝန်းကနေ  သိရပါတယ်။

၅/ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ စစ်ကိုင်းတိုင်းမှာ နေထိုင်သူတချို့နဲ့  ၈/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ မကွေးတိုင်းမှာ နေထိုင်သူတချို့ဟာ အလုပ်လျှောက်ထားရာမှာ စက်ရုံတွေက လက်မခံဘူးလို့ လှိုင်သာယာစက်မှုဇုန်က အလုပ်သမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စက်ရုံမှာ အလုပ်သမားတွေ ထပ်ခေါ်လို့ ညီမလေးကို လာလျှောက်ခိုင်းတာ မရဘူး၊ လူမလိုဘူး ပြောတယ်။ စက်ရုံရှေ့မှာ အလုပ်ခေါ်စာလည်း ကပ်ထားတယ်။ အသိတယောက်က ပြောတယ်၊ ရေစကြိုမှတ်ပုံတင်ဖြစ်နေလို့တဲ့ မပြောရဲဘူး။ ကိုယ်ပါ အလုပ်ထုတ်ခံရမှာစိုးလို့။”

အလုပ်လျှောက်ရာမှာ ၈/ မကွေးတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေအနေနဲ့ မြို့နယ်ကန့်သတ်ချက်ရှိပြီး ၅/ စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကတော့ မြို့နယ်ကန့်သတ်ချက် မရှိဘူးလို့ ရွှေပေါက်ကံစက်မှုဇုန်က အလုပ်သမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မကွေးတိုင်းဆို ဥပမာ ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ထီးလင်း၊ ဂန့်ဂေါ အဲ့လိုကန့်သတ်ထားတဲ့ မြို့နယ်တွေရှိတယ်။ စစ်ကိုင်းတိုင်းကတော့ မရဘူး၊ မှတ်ပုံတင်ယူကြည့်တယ် ၅/ လား၊ သွားတော့ပဲ။ တချို့စက်ရုံတွေက မရဘူး၊ ဟန်ဆောင်ပြီး အင်တာဗျူးပေးတယ်။ ဖုန်းပြန်ဆက်မယ်ဆို သေချာတယ်၊ အဲဒီအလုပ်မရဘူး။”

၅/ နဲ့ ၈/ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို စက်ရုံတွေက အလုပ်မခန့်တဲ့အပြင် လက်ရှိ စက်ရုံအလုပ်ရုံမှာဆင်းနေတဲ့ အလုပ်သမားတွေကိုပါ အလုပ်ထုတ်ပစ်တာမျိုးလည်း ရှိတယ်လို့ မင်္ဂလာဒုံစက်မှုဇုန်က အလုပ်သမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်က Ti စက်ရုံနဲ့ EMC စက်ရုံမှာ အလုပ်သမားတွေက ၅/ နဲ့ ၈/ ဖြစ်လို့ဆိုပြီး အလုပ်ထုတ်တဲ့ကိစ္စလေ၊ အဲ့အလုပ်သမားတွေက အရင်ကတည်းက လုပ်နေတဲ့သူတွေ၊ အုတ်အော်သောင်းတင်းဖြစ်သွားတယ်၊ ဘယ်လိုပြီးသွားလဲတော့မသိဘူး။”

စက်မှုဇုန်တွေမှာ ၅/ နဲ့ ၈/ မှတ်ပုံတင် ကိုင်ဆောင်သူတွေကို အလုပ်မခန့်တာ၊ အလုပ်ထုတ်တာမျိုး မရှိသလို အစိုးရကလည်း ညွှန်ကြားထားတာမရှိဘူးလို့ လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“တခါတလေ လူလျှော့တဲ့အခါ ပါသွားတာမျိုးဖြစ်မယ်။ လူလျှော့ရင်လည်း ပဲခူးရော ရန်ကုန်ရော ရခိုင်ရော မကွေးရော စစ်ကိုင်းရောပါတယ်။ သီးသန့်ကြီး အလုပ်ထုတ်ပစ်တာ မရှိပါဘူး။”

မင်္ဂလာဒုံစက်မှုဇုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အလုပ်သမား ၅၀၀၀ ဝန်းကျင်ရှိတဲ့ EMC ကျောပိုးအိတ်စက်ရုံက အလုပ်သမား  ၂၀၀၀ လျှော့ဖို့အတွက် ကနဦး အလုပ်သမား ၁၃၁ ဦး လူလျှော့ရာမှာ အခုလိုဖြစ်လာတာဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU) မှ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“သူက လူနှစ်ထောင်လျှော့မှာ၊ အဲ့မှာ ၁၃၁ ယောက် အရင်လျှော့တယ်။ ခြောက်လအောက်တွေ၊ လုပ်သက်နုတာတွေ၊ သူတို့လုပ်ငန်းနဲ့ အဆင်မပြေတာတွေ လျှော့တာ။ ယောက်ျားလေး ခြောက်ယောက်၊ ကျန်တာ အမျိုးသမီးတွေ၊ အများအားဖြင့် ရခိုင်ဘက်ကသူတွေပါတယ်။ ၈/ ၅/ တွေလည်းပါတယ်။ ကျနော်တို့သင်တန်းမှာ လာတက်နေတဲ့ အလုပ်သမားလေးတွေလည်း ၅/ တွေ ၈/ တွေပဲ၊ လက်ရှိအလုပ်ဆင်းနေတယ်။”

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို အလုပ်ဖြုတ်တာတွေ အလုပ်မခန့်တဲ့ ပြဿနာတွေဟာ လူမှုကွန်ရက်စာမျက်နှာမှာသာ ပျံ့နှံ့နေပြီး မြေပြင်မှာ အလုပ်သမားတွေက တိုင်ကြားတာတွေ၊ ဆက်သွယ်အကူအညီတောင်းခံတာတွေ မရှိလို့ အတည်ပြုပေးဖို့ခက်တယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ဒီဗွီဘီကို ပြောပါတယ်။

“မြေပြင်မှာ တကယ်ဖြစ်နေတာတော့ ရှိတယ်။ တရားမဝင် အလုပ်ထုတ်တဲ့ကိစ္စတွေ တောက်လျှောက်ကိုဖြစ်နေတာ။ သူတို့ဘာသာ လူလျှော့ချင်တဲ့အပေါ်မှာ တရားမဝင် အလုပ်ဖြုတ်မှုတွေရှိတော့ လုပ်ငန်းရှင်တွေအနေနဲ့ ပြောနိုင်တာတခုပဲရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ ၈/ ၅/ က လာတဲ့အတွက် သူတို့အတွက် လုံခြုံရေးရှိတယ်ဆိုပြီး အစိုးရက ဘယ်လိုပြောထားတယ်၊ ဘာညာဆိုပြီး အဲ့လိုအကြောင်းပြပြီး သူတို့လုပ်ချင်တဲ့ အလုပ်တခုကို လုပ်တယ်လို့ ယူဆတယ်။”

ဒီဆုံးဖြတ်ချက်ဟာ လုပ်ငန်းရှင်ဆုံးဖြတ်ချက် မဟုတ်ဘဲ မန်နေဂျာ၊ HR၊ အလုပ်ကြီးကြပ်သူနဲ့ စက်ရုံမှူးတွေက လုပ်ငန်းခွင်မှာ သူတို့နဲ့အဆင်မပြေတဲ့ အလုပ်သမတွေကို အလုပ်ထုတ်ချင်တဲ့အခါ တပ်တဲ့ခေါင်းစဥ်တခုလို့ မြင်မိကြောင်း သူက ဆက်ပြောပါတယ်။

ရန်ကုန်မှာ စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၂၉၁ ရုံ ပိတ်သိမ်းခဲ့ရပြီး အလုပ်သမားတသိန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

အာဏာသိမ်းပြီးချိန်မှ ဒီနှစ် ဇူလိုင် ၁၈ ရက်အထိ ပိတ်သိမ်းခဲ့တဲ့ စက်ရုံအလုပ်ရုံ  ၁၀၀ နီးပါး ရှိပြီး အသစ်ဖွင့်လှစ်ခဲ့တဲ့ စက်ရုံအလုပ်ရုံ ၁၁၄ ရုံရှိတယ်လို့  စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013