DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမအား မုဒိမ်းကျင့်၊ မီးရှို့သတ်ခဲ့သည့် ထိုင်းအမျိုးသား ထောင်ဒဏ်အနှစ် ၅၀ ချခံရ
DVB
·
August 3, 2022
မြန်မာအလုပ်သမအား မုဒိမ်းကျင့်၊ မီးရှို့သတ်ခဲ့သည့် ထိုင်းအမျိုးသား ထောင်ဒဏ်အနှစ် ၅၀ ချခံရ
Donate to DVB

ထိုင်းနိုင်ငံအရှေ့ပိုင်း ပရာကျင်းပူးရီးခရိုင်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းက မြန်မာအလုပ်သမ ၁  ဦး အဓမ္ဓပြုကျင့် အသတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး ဩဂုတ် ၂ ရက်မှာ ကဘင် ဘူရီမြို့နယ်တရားရုံးက တရားခံကို ထောင်ဒဏ်အနှစ် ၅၀ အပြီးသတ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ 

ကျူးလွန်သူ နိုင်းဘွန်းလိုင် ဘိုမန်း (အသက် ၂၇ နှစ်) မှာ တရားဥပဒေအရ သေဒဏ်ကျခံ ရမှာဖြစ်ပေမယ့်  အပြစ်ကျူးလွန်ကြောင်း ဝန်ခံလို့ သေဒဏ်မှ ထောင်ဒဏ် ၁ သက်၊ ထောင်ဒဏ် ၁ သက်မှာ နှစ် ၅၀ ထိ လျော့ချပေးလိုက်တာလို့ သေဆုံးသူမြန်မာ မိန်းကလေးဘက်ကနေ တရားမျှတမှုရရှိရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဘန်ကောက် ထိုင်း-မြန်မာသံရုံးမှ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။ 

“တရားရုံးက မနေ့က အပြီးသတ်အမိန့်ချလိုက်ပါပြီ၊ ပြစ်ဒဏ်ကတော့ သေဒဏ်ပေးရမယ့် အမှုဖြစ်တယ်။ အခုဟာက တရားခံက သူမှားတယ်လို့ တောက်လျှောက်ဝန်ခံတယ်၊ ထိုင်းနိုင်ငံ ဥပဒေ ပုဒ်မ ၇၈ အရ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ပြစ်ဒဏ်တဝက်ထိ လျှော့ပေးလို့ ရတယ်ဆိုတာလည်း ရှိထားတော့ တသက်တကျွန်းစာနဲ့ နှစ် ၅၀ ချလိုက်ပါတယ်၊  သူ့ကတော့ ထောင်ထဲမှာမို့ ဗွီဒီယို ကွန်ဖရင့်နဲ့ အမိန့်ချပါတယ်။”

သေဆုံးသူမှာ အသက် ၂၁ နှစ်အရွယ် မြင့်မြင့်ခိုင်ဆိုသူ ကယန်းတိုင်းရင်းသူ ၁ ဦးဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်ကနေ ထိုင်းနိုင်ငံ ပရာကျင်းပူးရီးခရိုင် ကဘင်ဘူရီမြို့နယ်ရှိ ငါးဖမ်းပိုက်ကွန်စက်ရုံတရုံမှာ အလုပ်လုပ်နေတာဖြစ်ပါတယ် ။ 

မနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က သူနေတဲ့အိမ်ခန်းထဲကနေ ပျောက်ဆုံးသွားခဲ့ပြီး အခန်းထဲမှာ သွေးစ၊ ဆံစနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေကို ဆွေမျိုးသားချင်းနဲ့လုပ်ဖော်ကိုင်ဘက်တွေက တွေ့ရှိလို့ ရဲစခန်းကိုတိုင်တန်းခဲ့တာပါ။ 

တရားခံမှာ သူနဲ့စက်ရုံတခုတည်းမှာ အလုပ်လုပ်နေသူ နိုင်းဘွန်းလိုင်းဖြစ်ကြောင်း၊ တရားခံရဲ့ အစ်မဖြစ်သူကိုယ်တိုင် ရဲစခန်းမှာလာတိုင်ထားလို့ သူ့ကို ကမ္ဘောဒီးယားနယ်စပ်တနေရာမှာ ဖမ်းမိခဲ့ပါတယ်။ 

တရားခံက အဓမ္မကျင့် လူသတ်မိကြောင်း ဖြောင့်ချက်ပေးပြီး မိန်းကလေးကို မီးရှို့ကာ မြေ မြှုပ်ထားခဲ့တဲ့နေရာကိုလည်း ကိုယ်တိုင်လိုက်ပြခဲ့ပါတယ်။ ရဲစခန်းက သူ့ကို ခြိမ်းခြောက်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ အမှုဖွင့်အရေးယူထားတာပါ။ 

မိန်းကလေးရဲ့အသုဘကုန်ကျစရိတ်နဲ့ နစ်နာကြေး ဘတ် ၁ သိန်း ၃ သောင်းကို တရားခံရဲ့ မိဘဆွေမျိုးဘက်က ပေးလျော်ခဲ့ပြီးဖြစ်ပေမယ့် ထိုင်း-မြန်မာသံရုံးအနေနဲ့  ဥပဒေအရ ရသင့်ရ ထိုက်သော သူမရဲ့လုပ်အားခ ၁ လလျှင် ဘတ် ၅၀၀၀ နဲ့ နှစ်ပေါင်း ၄၀ စာ (ဘတ် ၂ သန်း ) လောက်ကို တရားမမှုအနေနဲ့ ဆက်လက်ရင်ဆိုင်တောင်းဆိုပေးသွားမယ်လို့  ဦးအောင်မျိုးသန့်က ပြော‌ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013