DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး NUG ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး
DVB
·
August 3, 2022
မြန်မာ့အရေး NUG ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး
Donate to DVB

အာဆီယံ ဘုံသဘောတူညီချက်က အလုပ်မဖြစ်တော့တာကြောင့် တခြားနည်းလမ်းနဲ့ ဆောင်ရွက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့အရေးကိစ္စလည်း ဆွေးနွေးဖို့ရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အာဏာသိမ်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုရော၊ NUG အမျိုးသားညီညွတ်ရေးအစိုးရဘက်ကိုရော မဖိတ်ကြားထားပါဘူး။

ဒါပေမဲ့ အစည်းအဝေးကို တက်ရောက်ဖို့ရှိတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တင်းဘရင့်ခ်နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့ သြဂုတ် ၁ ရက်က တွေ့ဆုံစဉ်မှာ မြန်မာပြည်အရေး ချဉ်းကပ်မှုအသစ် လိုအပ်တဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ NUG ဒုဝန်ကြီး ဦးမိုးဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို အကောင်ထည်ဖော်တဲ့ နေရာမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့ ကြိုးစားခဲ့တယ်။ အကျိုးရလဒ် မရလာဘူး။ တချက်မှ အောင်မြင်တယ်လို့ မဆိုနိုင်ဘူး။ သူရဲကောင်းလေးယောက်ကို… .. ဒါနဲ့ ပတ်သက်လို့ အာဆီယံက စိတ်ပျက်တယ်၊ အခုလာမယ့် အစည်းအဝေးမှာ အာဆီယံက အကုန်ပြန်ပြီး သုံးသပ်သင့်တယ်။ စဉ်းစားဖို့ အချိန်တန်ပြီဆိုတာ ဆွေးနွေးခဲ့တယ်။”

အာဆီယံအစည်းအဝေး မတိုင်ခင်မှာ ဒီမိုကရေစီအရေး ဆောင်ရွက်သူ ၄ ယောက်ကို ကြိုးမိန့်ချ ကွပ်မျက်ခဲ့တာကို အာဆီယံ သဘောတူညီချက်ကို ပြက်ရယ်ပြုလိုက်တာလို့ အာဆီယံက ယူဆပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အာဆီယံ ဖောင်ဒါနိုင်ငံတနိုင်ငံဖြစ်တဲ့ မလေးရှားနဲ့ လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားတို့က ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက “အာဆီယံ သဘောတူညီချက်ကို မနှစ် ဧပြီလက အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် တက်ရောက်တဲ့ ဂျကာတာ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီခဲ့တာဖြစ်ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာနိုင်တဲ့ လမ်းစအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ တနှစ်ကျော်တဲ့အထိ အာဆီယံ သဘောတူညီချက်တွေ အကောင်အထည် မပေါ်လာတဲ့အတွက် အာဆီယံအတွက် သိက္ခာကျစရာ ဖြစ်လာရပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ကတော့ အာဆီယံ သဘောတူညီချက်ကို အကောင်အထည် မဖော်နိုင်တာဟာ ပြည်တွင်းပြည်ပက ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေကြောင့်လို့ ဒီရက်ပိုင်းက မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကျင်းပတဲ့ အာဆီယံ အစည်းအဝေးတွေ အားလုံးနီးပါးကို အာဏာသိမ်းစစ်ကောင်စီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကို မဖိတ်ကြားခဲ့ပါဘူး။

တချိန်တည်းမှာ အာဆီယံ သဘောတူညီချက်ကို အကေင်အထည်ဖို့အတွက် အာဆီယံရဲ့ ချဉ်းကပ်မှု အားလုံးဟာ စစ်ကောင်စီနဲ့ တဖက်သပ်ချဉ်းကပ်တဲ့ လမ်းကြောင်းမျိုး ဖြစ်ခဲ့ပြီး ဒါကို ပြောင်းလဲဖို့ အချိန်တန်နေပြီလို့ NUG ဒု နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောပါတယ်။

“အာဆီယံ ပြုမူဆောင်ရွက်ချက်တွေက စစ်ကောင်စီနဲ့ပဲ တွေ့တယ်။ တကယ်တမ်းကျတော့ ဘုံသဘောတူညီချက်အရ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ပျက်ကွက်ခဲ့တယ်။ ဒါနဲ့ပတ်သက်လို့လည်း သတင်းစကား ပါးခဲ့တယ်။”

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သြဂုတ် ၂ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေသာမက အာဆီယံရဲ့ မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့က နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013