DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းသက်တမ်းတိုးလိုက်သည့်ပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အမြင်သဘောထား
DVB
·
August 2, 2022
အာဏာသိမ်းသက်တမ်းတိုးလိုက်သည့်ပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အမြင်သဘောထား
Donate to DVB

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှုကို  ရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပါတယ်။   ဇူလိုင် ၃၁ ရက်မှာ လုပ်ခဲ့တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး အာဏာသိမ်းသက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။ 

ဒီလို ရေးပေါ်ကာလ ထပ်တိုးတာနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အမြင်သဘောထားကို မေးမြန်းထားပါတယ်။ 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က  “စစ်တပ်က အာဏာသိမ်းထားတာကို  ဆက်ပြီးမှ ထိန်းထားချင်လို့ ထပ်ပြီးမှ တိုးချဲ့လိုက်တာပဲလေ။ အရေးပေါ်ကာလ နောက်ထပ် ၆ လဆိုပြီးတောလေ။ ဒါက အထူးအထွေမရှိပါဘူး။ ဒါက သူတို့ဆက်ပြီးထိန်းချုပ်ဖို့ပါ။  သူတို့ဆက်ထိန်းတယ်ဆိုတာ တိုင်းပြည်တည်ငြိမ်သွားဖို့ကတော့ အလားအလာမရှိပါဘူး။ ဒီနေ့ ကျနော်တို့မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခင်းအကျင်းက တပြည်လုံးအတိုင်းအတာနဲ့ သူတို့ကိုဆန့်ကျင်နေတာ ဖြစ်တယ်လေ။ ဒီနေ့လုပ်မယ့်ရွေးကောက်ပွဲကလည်း တရားမျှတတဲ့ရွေးကောက်ပွဲ ဝင်နိုင်ဖို့ မရှိဘူးလေ။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို အများကြီးအကျဉ်းချထားတာရှိပါတယ်။ ဆိုတော့ ဒါက တကယ်လွတ်လပ်တဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်မှာလည်း မဟုတ်ဘူးပေါ့နော်။ နောက်ပြီးမှ ကျနော်တို့ တိုင်းရင်းသားတွေအနေနဲ့ကလည်း ၂၀၀၈ ကို အခြေခံတဲ့ ရွေးကောက်ပွဲကို လက်ခံဖို့ အကြောင်းတရားလည်း မရှိဘူးလေ။ ဒါကြောင့်မို့ ကျနော်တို့ ဘယ်လိုပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲကျင်းပရင်လည်း တိုင်းရင်းက တည်ငြိမ်အေးချမ်းဖို့တော့ မလွယ်ပါဘူး။ ဒီနေ့အားလုံး တနိုင်ငံလုံးမှာရှိတဲ့လူထုတွေကတော့ နိုင်ငံသစ်ကို ဖယ်ဒရယ်ပြည်ထောင်စုအနေနဲ့ ချီတက်ဖို့အတွက် ယုံကြည်ချက်ကတော့ အပြည့်အဝရှိနေပြီဖြစ်တယ်လေ။ ၂၀၀၈ ကို အခြေခံပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်မယ့် နိုင်ငံကို ဆက်တည်ဆောက်ဖို့ကတော့ ဘယ်သူမှ မလိုလားတော့ဘူးလေ” လို့ ပြောပါတယ်။ 

SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကတော့ စစ်အာဏာသိမ်းမှု အရေးပေါ်ကာ ထပ်တိုးတာဟာ သူတို့ကြေညာနေကြ တဖက်သတ် အပစ်ခတ်ရပ်စဲမှု သက်တမ်းတိုးတဲ့ ပုံစမျိုးဖြစ်နေပြီး ဘာမှထူးခြားမှာမဟုတ်ကြောင်း ပြောပါတယ်။ 

“ဒါကတော့ သိပ်မထူးဘူးထင်တယ်။ ဥပမာ ကျနော်တို့ ပစ်ခတ်တိုက်လိုက်မှု ရပ်စဲတယ်ဆိုတာ တပ်မတော်အဆိုအရဆိုရင် တဖက်သတ် အပစ်ခတ်ရပ်စဲတယ်ဆိုတာ ၆ လ၊ ၆ လ ပုံမှန်တိုးနေတယ်လေ။ ဆိုတော့ ဒီဟာလည်း ဒီပုံစံနည်းတူပဲ ကျနော်တို့သုံးသပ်လို့ရမလားပေါ့။”

ဒါ့အပြင် အာဏာကြီးသုံးရပ်ကို အဖွဲ့တခုကပဲ ထိန်းချုပ်တယ်ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်ကြောင်းလည်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။ 

“နိုင်ငံတော်တခုကို အုပ်ချုပ်ဖို့ဆိုတာ၊ အာဏာကြီးသုံးရပ် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဒီဟာကို လွမ်ခြုံပြီးတော့ ထိန်းချုပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ ဒီစစ်တခုအနေနဲ့လုပ်ဖို့က ဘယ်လိုမှ လွယ်ကူမှာမဟုတ်ဘူးလေဗျာ။ ကျနော်တို့ ခွဲပြီးလုပ်တာတောင်မှ ပီပီပြင်ပြင် ချောချော ချူချူလုပ်နိုင်တဲ့အနေအထားက အခုထက်ထိမပြုနိုင်သေးဘူး။ ဒါယေဘုယျအားဖြင့် ပြောလို့ ရတယ်လေ။ ဆိုတော့ institution တခုလုံးကို ဆုပ်ကိုင်ပြီး ပြန်ပြီးတော့ ထိန်းချုပ်သွားနိုင်ဖို့က ဘယ်လိုလုပ်နိုင်မလဲဗျာ။ ဒါကတော့ ဘယ်လိုလို့ယုတ္တိရှိမလဲ၊ ဖြစ်လည်းဖြစ်နိုင်ခြေ အင်မတန်နည်းပါတယ်။ ဒါ ဘယ်သူပဲဖြစ်ဖြစ် ရှုမြင်လို့ရတာပဲဗျာ။ ကျနော်လည်း မလုပ်နိုင်ဘူး။ ဘယ်အဖွဲ့အစည်းမှလည်း မလုပ်နိုင်ဘူး။ အင်စတီကျူးရှင်းတခုတည်းနဲ့ အကုန်လုံးကို ချုပ်ကိုင်တယ်ဆိုတာကတော့ ဖြစ်နိုင်‌ခြေတော်တော်လေးကို နည်းပါတယ်။” 

လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ပြောခွင့်ရသူ ဦးယာကုတ်က ဒီလို သက်တမ်းတိုးတဲ့အပေါ်မှာ ကန့်ကွက်စရာမရှိဘူးလို့ ပြောပါတယ်။

“LDU အနေနဲ့ကတော့ ကန့်ကွက်စရာအကြောင်းလည်း ဘာမှမရှိဘူးလို့လည်း ကျနော်တို့ သုံးသပ်ပေးချင်တယ်။ အဖြေသိဖို့က ခဲယဉ်းပါတယ်။ အခုဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေက တည်ငြိမ်သွားမယ်လို့ ပြောလို့လည်းမရ၊ အခြေအနေ ကြည့်ရတာပေါ့။” 

အန်စီအေစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းကသာလျှင် နိုင်ငံအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။ 

“ကျနော်တို့နိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းကတော့ ၂ နှစ်နီးပါးကို ချည်းကပ်လာနေပြီပေါ့လေ။ ဒီအခက်အခဲ ကျော်လွှားနိုင်ဖို့ PPST အနေနဲ့ကတော့ ပါဝင်သင့်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းကသာလျှင် ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်မယ်နည်းလမ်းလို့ ကျနော်တို့ကတော့ အဲလို နားလည်ထားတာရှိတဲ့အတွက်ကြောင့်မို့လို့ အခုဏကလိုမျိုး သက်တမ်းထပ်တိုးတာတို့ ဘာတို့ဆိုတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အဲဒီဘောင်ထဲက လုပ်တယ်လို့တော့ ကျနော်တို့က ထင်မြင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ၊ သက်တမ်းကာ တိုးတာပြုတာထက်တကယ့်ကျနော်တို့ နိုင်ငံရဲ့  ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ဆိုရင်တော့ ကျနော်တို့ယုံကြည်ထားတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့ရယ်၊ ပါဝင်သင့်သူအားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ ကျနော်တို့ ကြိုးပမ်းလုပ်ဆောင်ခြင်းကသာလျှင် ကျနော်တို့နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းအတွက် ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းလို့တော့ ကျနော်တို့အနေနဲ့ နားလည်ထားတယ်လို့ ပြောချင်ပါတယ်။” 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013