
မြန်မာနိုင်ငံရဲ့ အခြေအနေကို လေ့လာသိရှိနိုင်ဖို့နဲ့ အဖြေရှာနိုင်ဖို့အတွက် လာမဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံဖို့ ရည်ရွယ်ထားတယ်လို့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက ဇွန် ၁၀ ရက်မှာ ပြောကြားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ Nikkei က ဦးစီးကျင်းပတဲ့ ဖိုရမ်တခုမှာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇာရိုက “ကျမအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံပြီး လက်ရှိအခြေအနေကို သိရှိနိုင်ဖို့နဲ့ ကျမတို့ဘက်က ဘယ်လိုမျိုး တကယ်တမ်း ကူညီပေးနိုင်မလဲ ဆိုတာကို ရှာဖွေသွားဖို့ ရည်ရွယ်ထားပါတယ်” လို့ ပြောပါတယ်။
ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ တွေ့ဆုံမယ်၊ ဘယ်နေရာမှာ တွေ့ဆုံပွဲကို ကျင်းပမယ် ဆိုတာကိုတော့ မစ္စလာဇာရိုက အသေးစိတ် ထည့်သွင်းပြောကြားခဲ့တာ မရှိပါဘူး။
“ဘယ်လိုအလုပ်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” လို့ မစ္စလာဇာရိုက ဆက်လက် ပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၆ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက လာဇာရိုကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပါတယ်။
အာဆီယံဟာ မြန်မာစစ်အာဏာရှင် အစိုးရကိုရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ထိတွေ့ ဆက်ဆံနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း မနီလာမြို့မှာ မြန်မာပြည်အကျပ်အတည်းအတွက် အဖြေရှာဖို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အများအပြား ပါဝင်တဲ့ "သက်ဆိုင်သူများ အစည်းအဝေး" (Stakeholders' meeting) တခုကို ခေါ်ယူကျင်းပခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့အပေါ် စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရကာ ပြည်တွင်းစစ်မီး တောက်လောင်နေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် ကတော့ သူ့အစိုးရသစ်အနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ ပြောကြားထားပါတယ်။
Source: Reuters











