DVB Logo
Home
မြန်မာသတင်း
စင်ကာပူနှင့်တရုတ် တရားမဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု ခြွင်းချက်မရှိရပ်ဆိုင်းရန် NUG သတိပေး
DVB
·
August 2, 2022
စင်ကာပူနှင့်တရုတ် တရားမဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု ခြွင်းချက်မရှိရပ်ဆိုင်းရန် NUG သတိပေး
Donate to DVB

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စင်ကာပူနဲ့တရုတ် နိုင်ငံတို့မှ တရားမဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က သတိပေးပြောဆိုလိုက်ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ အဓမ္မသိမ်းယူခဲ့ပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့စပ်လျဉ်းပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ထုတ်ပေးခြင်းကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားဖို့ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁ နဲ့ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် တရားမဝင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှ ခွင့်ပြုမိန့် အတည်ပြုမိန့်များ တောင်းခံပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆောင်ရွက်ခြင်း အလျဉ်းမပြုကြဖို့နဲ့ ဆောင်ရွက်ဆဲ တရားမဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလည်း ခြွင်းချက်မရှိ ရပ်ဆိုင်းထားကြဖို့ နောက်ဆုံးအကြိမ် သတိပေးတားမြစ်လိုက်တာလို့ NUG အစိုးရက ဆိုပါတယ်။

တားမြစ်ချက်အား မလိုက်နာပါက လက်တွေ့ကျကျ ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး မလိုက်နာတဲ့ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း အခါအားလျော်စွာ အခုလို ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။

NUG အစိုးရက သတိပေးထုတ်ပြန်ထားတဲ့ လုပ်ငန်း ၈ ခု စာရင်းထဲမှာ စင်ကာပူအခြေစိုက် ကုမ္ပဏီ ၇ ခု နဲ့ တရုတ် နိုင်ငံသား ပိုင် ကုမ္ပဏီ ၁ ခုတို့ ပါဝင်ပါတယ်။

စင်ကာပူအခြေစိုက် ကုမ္ပဏီ ၇ ခု အနက် ကုမ္ပဏီ ၆ ခုတို့က နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားပြီး ကျန် ၁ ခုက ကမ်းလွန်ရေနံတူးဖော်ရေးလုပ်ငန်းအတွက် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီ ၁ ခုကတော့ စက်ရုံအဆောက်အဦတွေ တည်ဆောက်ပြီး ပြန်လည် ငှားရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းမှာ လုပ်ကိုင်မှာပါ။

စင်ကာပူ နဲ့ တရုတ်အခြေစိုက် ကုမ္ပဏီ လုပ်ငန်းပေါင်း ၈ ခုတို့မှ ရင်းနှီးမြှုပ်နှံမှုငွေကြေး အမေရိကန်ဒေါ်လာ ၁၀၇၀ သန်းကျော် ရှိတဲ့အနက် တရုတ်နိုင်ငံသားပိုင် လုပ်ငန်းမှ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၂၉ သန်းသာ ရှိပြီး ကျန်ရှိတဲ့ ၁၀၄၁ သန်းကျော်က စင်ကာပူအခြေစိုက် ကုမ္ပဏီတွေမှ လာရောက် ရင်းနှီးမြှုပ်နှံထားတာ တွေ့ရပါတယ်။

မြန်မာပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေက နိုင်ငံရေးပြဿနာ နဲ့အတူ စီးပွားရေးပြဿနာကို တပြိုင်တည်း ရင်ဆိုင်နေရတာဖြစ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့က အတော်စွန့်စားပြီး လုပ်ရမယ့် အခြေအနေပါ။

စီးပွားရေးသုတေသီတဦးက “နိုင်ငံရေးအခြေအနေ မကောင်းတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာဖို့က မလွယ်ဘူးနော်။ နိုင်ငံရေး တည်ငြိမ်မှု မရှိဘူး၊ ဥပဒေ စိုးမိုးမှု မရှိဘူး ဆိုတော့ လာဖို့ ခက်တာပေါ့။ ဒါပေမဲ့ လုံးဝ ဇီးရိုး လားဆိုရင် ဇီးရိုး တော့ မဟုတ်ဘူးပေါ့။ လောလောဆယ် လုပ်လက်စရှိတဲ့ ကုမ္ပဏီတွေ၊ နိုင်ငံတွေနဲ့ နောက်တခုက အခုလို အခြေအနေမှာ လုပ်ချင်တဲ့ နိုင်ငံတွေလည်း ရှိနိုင်တာပဲ။ ဥပမာ တရုတ်ပေါ့။ သူတို့ကတော့ ဝင်လာနိုင်ခြေ ရှိပါတယ်။ ဒီကုမ္ပဏီတွေ ဝင်လာရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတော့ ရရှိမယ်။ ဒါပေမဲ့ ဆိုးကျိုးက သူတို့ကကော ပွင့်ပွင့်လင်းလင်းလုပ်လို့ ရမလား။ အဲ့ဒီ့အခြေအနေအောက်မှာ သူတို့က စီးပွားရေးကို တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းကောင်းမွန်မွန် လုပ်နိုင်မလား။ တဖက်ကလည်း အတိုက်အခံတွေဘက်က ခြိမ်းခြောက်မှုတွေ မရှိနိုင်ဘူးလား၊ ဒါတွေ အများကြီး စဉ်းစားစရာ ရှိလို့ သူတို့ကလည်း သေသေချာချာ စဉ်းစားပြီးမှ လုပ်ကြမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေချိန်မှာ စစ်ကောင်စီဟာ တရုတ်အတွက် အရေးပါတဲ့ စီမံကိန်းကြီးတွေကို ခွင့်ပြုပေးပြီး ကျားကန်ဖို့ ကြိုးစားနေပုံရပါတယ်လို့ မြန်မာ့မဟာဗျူဟာ နဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထောက်ပြထားပါတယ်။

ISP-Myanmar ရဲ့ အဆိုအရ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် မေလအတွင်းမှာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ (CMEC) မှာပါဝင်တဲ့ မီးလင်းချိုင် စီမံကိန်းကို အတည်ပြုပေးခဲ့ပါတယ်။ ဒီစီမံကိန်းဟာ ဗြိသိသျှ ဗားဂျင်းကျွန်းမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကနေတဆင့် ဝင်ရောက်ခဲ့တာပါ။ ဒါကြောင့် အဲဒီစီမံကိန်း၏ တန်ဖိုးကို ထည့်တွက်ရင် အာဏာသိမ်း ပြီးနောက် ၇ လာတာကာလမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၂၅၃၈ ဒသမ ၀၄ သန်း ရှိပါတယ်။ တကယ်လို့ အဲဒီ စီမံကိန်းတန်ဖိုးကို ဖယ်ထုတ်လိုက်ရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် သြဂုတ်လအထိ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်ပဲ ရှိမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ နှစ်အလိုက် ခွင့်ပြုပေးထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၆၄၇ သန်း သာရှိပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၃၇၉၁ ဒသမ ၃၉ သန်း ရှိခဲ့တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013