
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မဈေးမီးပွိုင့်အနီးမှာ သြဂုတ် ၂ ရက် ဒီနေ့ မနက်ပိုင်းက ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ယောက် ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ယောက်ဟာ ဈေးမီးပွိုင့်အနီး ကားရပ်နားနေချိန် ဆိုင်ကယ်စီးလာသူ နှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ပြည်သူ့စစ်နှစ်ယောက် လည်ချောင်းနဲ့ ပါးစပ်မှာ ဒဏ်ရာရရှိသွားပြီး အသက်အန္တရာယ်ရှိ၊ မရှိ ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
မူဆယ်မြို့ ညဈေးအနီးက မီးပွင့်နားမှာ မနေ့မနက် ၁၁ နာရီကျော်လောက်ကလည်း ဗုံးပေါက်ကွဲတာကြောင့် ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ အကူညီပေးနေသူတွေက ပြောပါတယ်။
မူဆယ်မြို့မှာ နှစ်ရက်အတွင်း ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူစစ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့ပါတယ်။
ဒီဖြစ်စဥ်တွေဟာ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တချို့က စစ်ကောင်စီက အရာရှိကြီးတွေကို လစဥ်ကြေးပေးပြီး ဖွင့်လှစ်ထားတဲ့ ဝန်ထမ်းထောင်ချီရှိတဲ့ မူဆယ်မြို့က အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်နေတဲ့လုပ်ငန်းတွေ ဖမ်းဆီးခဲ့ပြီးနောက် အခုလို ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေ ဖြစ်ပွားလာတာတယ်လို့ မြို့ခံတချို့က ပြောပါတယ်။