
ကရင်နီပြည်နယ်၊ မြို့နယ် ၃ မြို့နယ်မှာ ဇွန် ၂၄ ရက်က စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့လို့ ကလေးငယ် ၂ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဇွန် ၂၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အသက် ၁၀ နဲ့ ၆ နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးပြီး လူငယ် ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါတယ်။
ဇွန် ၂၄ ရက် ည ၁၀ နာရီဝန်းကျင်မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းတနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲအိမ်တချို့နဲ့ စိုက်ခင်းတချို့ ဗုံးစ ထိမှန် ခဲ့တယ်လို့ သိရပါတယ်။
နန်းမယ်ခုံဒေသခံတယောက်က "ရွေ့ပြောင်းဖို့ကလည်း လယ်ပြန်လုပ်ကြတဲ့အနေအထားရှိနေတော့ ၊ တချို့က ရွေ့ပြောင်းကြပြီ၊ ဒါပေမဲ့ လယ်တွေပြန်လုပ်တဲ့အချိန် ပြန်လာနေခါကျတော့ ဒရုန်းနဲ့ ခဏခဏ အကြဲခံရတယ်"လို့ ပြောပါတယ်။
ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းကိုလည်း ဇွန် ၂၄ ရက်အပါအဝင် ရှေ့ရက်တွေမှာလည်း ဒရုန်းနဲ့ ဗုံးကြဲတာတွေရှိနေလို့ ပြည်သူတွေ မထိခိုက်မိပေမဲ့ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ ထပ်မံရွှေ့ပြောင်းဖို့လည်း အခက်အခဲတွေရှိနေပါတယ်။










