တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဧကနိရွာကို စစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ဒေသခံတို့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေခိုးယူပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၃၀ ရက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာထဲကနေအိမ်တချို့ကို တံခါးများရိုက်ဖျက်ဝင်ရောက်ပြီး ပစ္စည်းများခိုးယူသွားတယ်လို့ ဆိုပါတယ်။
မြေတင်ကား (၂) စီး၊ ဆိုင်ကယ် အစီး (၂၀) ကျော်၊ လက်ဝတ်ရတနာရွှေထည်ပစ္စည်းများ၊ ငွေသား၊ စားသောက်ကုန်နဲ့ နေအိမ်များရှိ ပစ္စည်းအများအပြား ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒေသခံ ၃၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ညနေဘက်မှ ပြန်လွှတ် ပေးခဲ့တယ်လို့သိရပါတယ်။
ရွာအပြင်ဘက်မှာ ထွက်ပြေးသူ တစ်ဦးကို သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့ပေမဲ့ လွတ်မြောက်သွား တယ်လို့ ဒေသခံက ပြောပါတယ်။
“ဖမ်းခံရသူထဲက တစ်ယောက်က ခေါင်းစွတ်စွပ်ပြီး လက်နှောင်ကြိုးထုတ်ထားတယ်။ သူတို့(စကစ) ထမင်းဟင်းချက်စားပီး အရက်တွေ သောက်ကြတယ်။ အစောင့်က အမူးလွန်ပြီး အိပ်ပျော်သွားချိန်မှာ ထွက်ပြေးလွတ်မြောက်သွားတယ်။ သူတို့ အိမ်တွေ (ထွက်ပြေးတဲ့ နှစ်ယောက်)တော့ မီးရှို့ခံလိုက်ရတယ်” လို့ ယင်းဒေသခံက ပြောပါတယ်။
ဒီနေ့လည်း စစ်ကောင်စီက စစ်ကား (၅) စီးဝင်လာနေလို့ ဧကနိ၊ ဝက်ချောင်း၊ ခမောင်းချောင်းရွာက ဒေသခံများ အလုအယက်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဇူလိုင် ၂၉ ရက်က ရေဖြူမြို့နယ် သက်ကယ်ကွက်ရွာအနီး ရေး-ထားဝယ်ကားလမ်းပေါ်မှာ ကား (၄) စီးပါ စစ်ကောင်စီယာဉ်တန်းကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။