
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှာ စစ်တပ်ဖမ်းဆီးထားတဲ့ လူငယ် လေးယောက်ထဲက သုံးယောက်ကို ဇူလိုင် ၂၈ ရက်က ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်တယောက် ကိုတော့ ပုဒ်မ-၅၀၅ (က)နဲ့ စစ်ကောင်စီက အမှုဖွင့်အရေးယူထားပါတယ်။
ကိုတင်မျိုးထွန်း(ခ)ဒူးရှည်ကို အေအေနဲ့ ဆက်စပ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ပုဒ်မ-၅၀၅ (က) နဲ့ ကျောက်ဖြူမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားတာလို့ မိသားစုဝင် တဦးက ပြောပါတယ်။
“စနဲက အဖမ်းခံရတဲ့ လူငယ် လေးယောက်ထဲက သုံးယောက်ကို ဇူလိုင် ၂၈ ရက်က ပြန်လွှတ်ပေးလိုက်တယ်။ စနဲမြို့က ၁ ယောက်၊ စံပါယ်ချောင်းက သုံးယောက်မှာ နှစ်ယောက်က လွှတ်ပေးတဲ့အထဲ ပါတယ်။ သူတို့ကို ကျောက်ဖြူကို ခေါ်သွားတုန်းက ၃၄ တပ်မှာ ဖမ်းထားတာပေါ့။ ဒါပေမဲ့ ပြန်လွှတ်တဲ့အခါ ရဲစခန်းကနေ လွှတ်ပေးလိုက်တယ်။ နောက်ကျန်တဲ့ တယောက်ကိုတော့ အမှုဖွင့်ထားတယ်လို့ ပြောတယ်၊ ၅၀၅ (က) နဲ့ ဖွင့်ထားတယ်လို့ သိရတယ်”လို့ ပြောပါတယ်။
ဇူလိုင် ၂၄ ရက်က စနဲစခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းဟာ စနဲမြို့စျေးကို စျေးလာဝယ်စဥ်မှာ အေအေတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာကာ ဒေသခံ အယောက် ၃၀ လောက်ကို ဖမ်းဆီးခဲ့တာပါ။
အဲဒီထဲက လူငယ် အမျိုးသမီး လေးယောက်နဲ့ အမျိုးသား လေးယောက်တို့ကို နောက်တနေ့မှာ ကျောက်ဖြူမြို့ ၃၄ တပ်ကို ခေါ်ယူသွားခဲ့ပြီးနောက် ညနေမှာ အမျိုးသမီး လေးယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။