
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ နေအိမ် ၁၀၀ ဝန်းကျင် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ စနဲမြို့ကို မေ ၁၉ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင် တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ရွှေဟင်္သာရပ်ကွက်ကို ကျရောက်ခဲ့ကာ ရပ်ကွက် တခုလုံးက နေအိမ် ၁၀၀ ဝန်းကျင် မီးလောင်ပြာကျခဲ့တယ်လို့ စနဲမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“စနဲမြို့ကို မကြာခဏ ဗုံးကြဲတာ၊ ဈေးတွေရော၊ ရပ်ကွက်တွေရော မီးလောင် ပျက်စီးဆုံးရှုံးမှု များနေပြီ။ မနေ့ကဆိုရင် မြို့ပေါ်ရပ်ကွက်က နေအိမ် ၁၀၀ ဝန်းကျင်လောက် ပါသွားတယ်။”
မြို့ပေါ်ကို ဗုံးကြဲခဲ့စဉ်က နေအိမ်တချို့သာ မီးလောင်မှုရှိပြီး စစ်တပ်ရဲ့ လေကြောင်း နောက်ထပ် တကြိမ် ကြဲမှာ စိုးရိမ်တာကြောင့် ဒေသခံတွေ ပုန်းအောင်းနေရာကနေ မီးကူးစက်ပြီး အခုလို ဖြစ်ရပ်နဲ့ ကြုံခဲ့ရတာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“သူတို့ လေကြောင်းနဲ့ ဗုံးကြဲတော့ နေအိမ် လေး ငါး ဆယ်အိမ်ပဲ ပျက်စီးသေးတယ်။ နေပူပြင်းတာနဲ့ အိမ်တွေက မီးကူးစက်လည်း မြန်တယ်။ ပြီးတော့ နောက်တကြိမ် လေကြောင်းအန္တရာယ်ကို ကြောက်လို့ မီးမငြှိမ်းနိုင်ခဲ့ဘူး။ မြင်ရ ကြားရတာတွေက တကယ်စိတ်မကောင်းဖြစ်ရတယ်။”
ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ရှိနေသေးပြီး အခု မေလအတွင်းမှာ စစ်တပ်က ရေကြောင်း ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်သလို လေကြောင်းကနေလည်း ဂျက်ဖိုက်တာ၊ Y-12 ဒရုန်းတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၈ ရက်ကလည်း ကျောက်ဖြူ ဇင်ချောင်းအနီးမှာ ရပ်နားထားတဲ့ စစ်တပ် နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သက်ကြီးပိုင်း အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး ဆရာတော်တပါး အပါအဝင် ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။










