
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ စစ်တပ်အင်အား ရာနဲ့ချီပါတဲ့ စစ်ကြောင်းနဲ့ အာရက္ခတပ်တော် (AA) တို့ မေ ၂၈ ရက်ကနေ ၃၀ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က အယောက် ၄၀ ခန့် သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စနဲမြို့ကိုသိမ်းဖို့ ရည်ရွယ်ချက်နဲ့ စစ်ကြောင်းထိုးလာတာ။ AA ဘက်ကလည်း သူတို့စစ်ကြောင်းကို ထွက်တိုက်တယ်။ တိုက်ပွဲက သုံးရက်လောက် ပြင်းခဲ့တယ်။ စစ်ကောင်စီဘက်က ၄၀ လောက် သေတယ်။”
ရုပ်အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေကိုလည်း အာရက္ခတပ်တော် (AA) က သိမ်းဆည်းရမိထားတယ်လို့ နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“AA ဘက်က စစ်တပ်ရဲ့ အလောင်း ၄၀ လောက် မြေပြင်မှာ တွေ့တယ်။ လက်နက်ခဲယမ်းတွေ အပြည့်ပါတယ်။ ဒါတွေကို AA က သိမ်းထားတယ်။ နောက်ထပ် ဒဏ်ရာရသူတွေ တောင်မော်ဦးဘက်ကို နောက်ဆုတ်သွားတယ်။”
စစ်အာဏာရှင်တပ်ဟာ စနဲမြို့ကို ရရှိဖို့ လေကြောင်း၊ ရေကြောင်းနဲ့ အခြေစိုက်တပ်ရင်းတွေရဲ့ လက်နက်ကြီးတွေပစ်ကာ AA ကို ထိုးစစ်ဆင်ပေမဲ့ အထိအခိုက် အကျအဆုံးများခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
စနဲမြို့ကို ဦးဆောင်လာတဲ့ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေဟာ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉ တပ်ရင်းတွေက ထုတ်နုတ်အင်အား စုစုပေါင်း ၄၀၀ ကျော် ပါဝင်တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တောင်မော်ဦးရေတပ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်အာဏာရှင်တပ်ဟာ မနေ့ ဇွန် ၁ ရက်က ရမ်းဗြဲနဲ့ တောင်ကုတ်က စစ်ရှောင်စခန်းတချို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် စစ်ရှောင် ၂ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။










