
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို မေ ၂၆ ရက်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အသက် (၇၈) နှစ်အရွယ် ဦးမောင်ရွှေစိန် သေဆုံးသွားတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“ဒရုန်းနဲ့ပါ၊ နေဗီကနေပါ လက်နက်ကြီးကျည်နဲ့ပစ်လို့ လက်နက်ထိမှန်သွားတာ။ ဒဏ်ရရတဲ့သူက ဒဏ်ရာပြင်းလို့ ဆေးကုသဖို့သွားရင်း လမ်းမှာသေသွားတာပါ။”
ဒါ့အပြင် လက်နက်ကြီးကျည်နဲ့ ဒရုန်းဗုံးကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“နေအိမ်တွေပါ မီးလောင်ပျက်စီးသွားတယ်။ ဟိုတနေ့ ဒရုန်းနဲ့လာပစ်တုန်းကတည်းက လူတွေ ထွက်ပြေးသွားတော့ လူတွေအများကြီးမထိဘူး၊ နေအိမ်တွေတော့ အများကြီးဆုံးရှုံးသွားတယ်။"
ဒါ့အပြင် စစ်တပ်ဟာ အဲဒီနေ့ တနေ့တည်းမှာပဲ စနဲမြို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲခဲ့ပြီး ကုလားမကျွန်းနဲ့ ဖရုံကျွန်းအနီးက နေဗီတွေပေါ်ကနေလည်း လက်နက်ကြီးကျည် ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စနဲမြို့ ရွှေဟင်္သာရပ်ကွက်ကိုလည်း မေ ၁၉ ရက်မှာ စစ်တပ်က ဂျက်ဖိုက်တာ နဲ့ Y-20 ၅ စီး လောက် သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။










