DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် မိုးခေါင်မှုကြောင့် လယ်ယာမြေများ ပျက်စီးပြီး လယ်သမားများ အခက်တွေ့
DVB
·
July 29, 2022
ရခိုင်တွင် မိုးခေါင်မှုကြောင့် လယ်ယာမြေများ ပျက်စီးပြီး လယ်သမားများ အခက်တွေ့
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ မိုးခေါင်နေတာကြောင့် ရခိုင်က လယ်သမားတချို့ မိုးစပါးတွေပျက်စီးကာ ဆုံးရှုံးမှုတွေ ရှိနေကြတယ်လို့ လယ်လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နှစ်စဉ်နှစ်တိုင်း မိုးရေချိန်လက်မ ၁၀၀ ကျော် ရွာသွန်းခဲ့ပေမဲ့ အခုနှစ်မှာတော့ မိုးရွာသွန်းမှု နည်းပါးတဲ့အတွက် လယ်မြေတွေမှာ ရေလုံလောက်မှုမရှိဘဲ ​ စပါးလယ်မြေတွေ ပျက်စီးဆုံးရှုံးနေရတယ်လို့ လယ်သမားတွေက ဆိုပါတယ်။

အခုနှစ်မှာ ဓာတ်မြေသြဇာနဲ့ စက်သုံးဆီစျေးနှုန်းတွေ အဆမတန် မြင့်တက်တာကြောင့် ရခိုင်က လယ်သမားတချို့ လယ်လုပ်ငန်းကို စွန့်ခွာတာတွေရှိသလို လယ်လုပ်ငန်း လုပ်ကိုင်သူတွေလည်း အရှုံးနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ မြောက်ဦးမြို့နယ်က လယ်သမားတဦးဖြစ်တဲ့ ဦးရွှေတင်မောင်က ပြောပါတယ်။

“ဒီနှစ် မိုးစပါးစိုက်ပျိုးဖို့အတွက် တချို့လယ်သမားတွေက ဓာတ်မြေသြဇာဖိုးနဲ့ စက်သုံးဆီအပါအဝင် ကုန်ကျစရိတ်တွေ မတတ်နိုင်ကြတော့တာကြောင့် လယ်လုပ်ငန်းကို စွန့်ခွာပြီး နိုင်ငံခြားတွေကို အလုပ်လုပ်ဖို့ ထွက်သွားတဲ့သူတွေ ရှိတယ်။ အခု လယ်လုပ်ငန်းကို ဆက်ပြီး လုပ်ကိုင်နေတဲ့သူတေွလည်း ရာသီဥတုကမမှန်တော့ စပါးတွေက စိုက်ပျိုးလို့ မအောင်မြင်ကြဘူး။ အဓိကတော့ မိုးခေါင်တော့ လယ်ကွင်းတွေမှာ ရေမရှိဘဲ စပါးတွေက အကုန်လုံး နေလောင်ပြီး ကျွမ်းနေကြပြီ။ ရေမရှိတော့ ဓာတ်မြေသြဇာထည့်ရင်လည်း ဘာမှမထူးတော့ဘူး။ ဒီနှစ်မှာ လယ်လုပ်ငန်း လုပ်ကိုင်သူတွေ စပါးစိုက်ပျိုးလို့ မအောင်တာကြောင့် အရှုံးနဲ့ ရင်ဆိုင်ရဖို့ ရှိနေကြတယ်။”

လာမယ့်တပတ်ကျော်အတွင်း ရခိုင်ပြည်နယ်မှာ မိုးရွာသွန်းမှုသာမရှိရင် လယ်သမားတွေအတွက် ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်ပြီး အငတ်ဘေးနဲ့ ကြုံရလာနိုင်တယ်လို့ ဓညဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောပါတယ်။

“အခု မိုးခေါင်နေတဲ့ အခြေအနေက ရေသွင်းပြီး စိုက်ပျိုးဖို့ကလည်း အဆင်မပြေနိုင်ဘူး။ စက်သုံးဆီဖိုးကို မတတ်နိုင်တော့တာပါ။ လယ်ဧက နည်းနည်းလေးကို အဆင်ပြေနိုင်မယ်။ အခု တပြည်နယ်လုံး အတိုင်းအတာနဲ့ကျတော့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ နောက်တပတ်လောက်သာ မိုးမရွာဘူးဆိုရင် ကျနော်တို့လယ်သမားတွေ တော်တော်‌လေးကို အခြေအနေ ဆိုးရွားသွားနိုင်တယ်။ စပါးစိုက်ပျိုးလို့ မဖြစ်ဘူးဆိုရင်တော့ အငတ်ဘေးဒဏ်ကို ခံလာရနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန်ကို အဓိက စားသုံးနေကြရတာဆိုတော့ စိုက်ပျိုးရာသီ မအောင်မြင်ဘူး။ သီးနှံအထွက်နှုန်း လုံးဝမကောင်းရင် လာမယ့် စားနပ်ရိက္ခာတောင် တော်တော်လေးကို ထိခိုက်ပြီး ဆိုးရွားသွားနိုင်တယ်။”

ရခိုင်ပြည်နယ်မှာ မိုးခေါင်မှုတွေကြောင့် စိုက်ပျိုးလယ်ဧကရဲ့ ၅၀ ရာခိုင်နှုန်းခန့် ပျက်စီးမှုတွေ ရှိနေကြပြီး နောက်နှစ်မှာ လယ်စပါးစိုက်ပျိုးနိုင်ဖို့အတွက် ပိုပြီးခက်ခဲလာနိုင်တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။

“ရခိုင်ပြည်နယ်ရဲ့ လယ်ဧက ၁၂ သိန်းကျော်ရှိတဲ့အထဲက အခုနောက်ပိုင်းနှစ်တွေမှာ ဧက ၈ သိန်းကျော်လောက်ပဲ ပျမ်းမျှစိုက်ပျိုးနိုင်ကြတယ်။ ဒီနှစ်မှာလည်း ဓာတ်မြေသြဇာနဲ့ စက်သုံးဆီစျေးနှုန်း မြင့်တက်မှုတွေကြောင့် လယ်သမားတွေက လယ်ဧကတွေကို ‌လျှော့ပြီး စိုက်ပျိုးလာကြတယ်။ အဲဒီအထဲကမှ အခု ရာသီဥတုဖောက်ပြန်မှု မိုးခေါင်တာကြောင့် စိုက်ပျိုးဧကရဲ့ ၅၀ ရာခိုင်နှုန်းက ပျက်စီးမှုနဲ့ ကြုံနေကြရတယ်။ ရခိုင်ပြည်နယ်ကထွက်တဲ့ သီးနှံတွေ ပြည်နယ်တွင်းစားဖို့ နှစ်တိုင်း လုံလောက်မှုတွေရှိခဲ့‌ပေမဲ့ ဒီနှစ်မှာတော့ စိုက်ပျိုးဧက လျှော့ချမှုနဲ့ ပျက်စီးမှုတွေကြောင့် အရင်နှစ်တွေထက် အထွက်နှုန်းတွေ ကျဆင်းသွားနိုင်ပြီး အခက်အခဲတွေ ရှိလာနိုင်တယ်။ ဆိုတော့ အခြေခံ လယ်သမားတွေရဲ့ စားသုံးမှုတွေ မဖူလုံဘူးဆိုရင်တော့ နောက်ဆက်တွဲ အကျိုးစီးပွားတွေကတော့ ရှိလာမှာဖြစ်တယ်။ နောက်နှစ်အတွက် ခက်ခဲမှုကတော့ သေချာပေါက်ရှိလာနိုင်တယ်။ ရခိုင်ပြည်နယ်က လယ်သမားတွေက ၂၀၁၈ ခုနှစ်ကတည်းက အကျပ်အတည်းတွေကြောင့် နာလန်မထူနိုင်ကြတော့ အရင်နှစ်တွေက အခက်အခဲတွေနဲ့ ဒီနှစ်အခက်အခဲတွေကို ပေါင်းလိုက်တော့ နောက်နှစ်အတွက် နာလန်မထူနိုင်ဘဲ စီးပွားရေး ပိုပြီးကျဆင်းသွားနိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်တယ်။”

ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်တွေမှာ ရာသီဥတုမျှတမှု အနည်းငယ်ရှိတာကြောင့် ပျက်စီးမှုနည်းပါးပြီး မြောက်ပိုင်းမြို့နယ်တွေနဲ့ အလယ်ပိုင်းမြို့နယ်တွေမှာ မိုးခေါင်မှုတွေကြောင့် လယ်မြေပျက်စီးမှု အများဆုံးရှိတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လယ်မြေဧက ၁၂ သိန်းကျော်ရှိပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း တိုက်ပွဲကာလကတည်းက လယ်သမားတချို့ လယ်ယာမြေတွေ စွန့်ခွာပြီး စစ်ဘေးရှောင်ခဲ့ရတာကြောင့် လယ်ဧက ၈ သိန်းနီးပါးသာ စိုက်ပျိုးနိုင်ခဲ့ပြီး အခုနှစ်မှာတော့ စိုက်ပျိုးဧက ပိုပြီးလျော့ကျသွားတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013