DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူနှင့် ကောလင်းဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြား
DVB
·
July 29, 2022
ကန့်ဘလူနှင့် ကောလင်းဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြား
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အုန်းခြောက်လုံးရွာအနီးမှာ ဇူလိုင် ၂၈ ရက်က စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ Kawlin Revolution- KR ကနေ သိရပါတယ်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို KLPDF တပ်ရင်း ၁၊ ကောလင်းမြို့နယ် ပကဖ၊ ကန့်ဘလူမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ Kawlin Revolution- KR က ထုတ်ပြန်ထားပါတယ်။

အလားတူ ဇူလိုင် ၁၉ ရက်ကနေ ၂၇ ရက်အထိ ကောလင်းမြို့နယ် အရှေ့ခြမ်းကို ​စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းသုံးကြောင်းထိ ရှိခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ Kawlin Revolution- KR ကနေ သိရပါတယ်။

ဇူလိုင် ၁၉ ရက်မှာ တောင်ပုံရွာအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ် အင်အား ၈၄ ယောက်လောက်ရှိတဲ့ စစ်ကြောင်းကို ကောလင်းမြို့နယ်ပကဖက သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှု အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက် မနက် ၅ နာရီလောက်မှာ ကောလင်းမြို့တွင်းက စစ်ကောင်စီတပ်ဟာ နှောခုံရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်လာပြီး နှောခုံရွာ စာသင်ကျောင်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ အနည်းငယ်ထိတွေ့ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်  ကျဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၂ ရက်မှာ ဝန်းသိုဘက်ကနေ ထိုးလာတဲ့ စစ်ကောင်စီတပ်သား ၇၀ ခန့်စစ်ကြောင်း တောင်မော်ရွာကို ရောက်ရှိပြီး တောင်မော်ရွာအဝင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ကို KLPDF တပ်ရင်း ၁ နဲ့ ကောလင်းမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအနည်းငယ်ရှိခဲ့ကာ ကောလင်းပကဖမှလည်း မစိုးရိမ်ရဒဏ်ရာရရဲဘော် အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၆ ရက်မှာ ကောလင်းမြို့နယ် ကသစ်ကုန်းရွာနဲ့ အိမ်တိုင်ပုံကျေးရွာမှာ စစ်ကောင်စီတပ်ကို ကောလင်းမြို့နယ် ပကဖ၊ KLPDF ရင်း ၁၊ KBUPDF ရင်း ၂ တို့မှ ပူးပေါင်းစစ်ဆင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၃၄ ဦးအနက် ၉ ဦးသေဆုံးပြီး ၂၅ ဦးသာ အသက်ရှင်ကျန်ရစ်တယ်လို့ သိရပါတယ်။

အလားတူ ဇူလိုင် ၂၆ ရက်က ညောင်ကိုင်းရွာအနောက်ဘက် တောင်ရိုးမှာ KLPDF ရင်း ၁ က ထောင်ထားတဲ့ တိုက်မိုင်းမိပြီး စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်မှုရှိခဲ့ပြီး ဆက်လက်ဆုတ်ခွာရာ ဝန်းသိုမြို့ သြဃရွာဘက်အရောက်မှာလည်း ဝန်းသိုတော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့မှုရှိခဲ့ကြောင်း Kawlin Revolution- KR ကနေ သိရပါတယ်။

ဇူလိုင် ၂၇ ရက်မှာ စစ်ကောင်စီတပ်ဟာ ကောလင်း သစ်ဖုလတောင်ကို ထောက်ပို့ဝင်လာဖို့ စစ်ကြောင်းသုံးကြောင်း အသုံးပြု ဝင်လာခဲ့ပြီး ပြန်အထွက်မှာ မရှုမလှ ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

တိုက်ပွဲကာလမှာ လမ်းခရီးပိတ်ဆို့မှုတွေရှိခဲ့ပြီး ခရီးသည်တွေကို ဒေသခံတွေက စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်လို့ Kawlin Revolution- KR က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကောလင်းမြို့ တောင်မော်တိုက်နယ် ကန်လည်ကြီးရွာက ပြည်သူ့နေအိမ် ၃၃ လုံးကို ဇူလိုင် ၂၁ ရက်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ထောင်စု ၃၄ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013