DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်းကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၊ မီးရှို့ဖျက်ဆီး
DVB
·
July 29, 2022
မကွေးတိုင်းအတွင်းကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၊ မီးရှို့ဖျက်ဆီး
1 / 2
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးပြီး ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းက တောင်မြင့်ကျေးရွာနဲ့ ကျားပစ်ကန်ရွာကို ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက ရဟတ်ယာဥ် ၂ စီးနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိဘဲ နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ (SPGF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက ဒီဗွီဘီကို ပြောပါတယ်။

“တောင်မြင့်ကျေးရွာနားမှာတော့ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်(...)၊ ပျူ(...)တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တနေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး ရဟတ်ယာဥ်နဲ့ လေကြောင်းကနေ တိုက်ခိုက်တော့မှ ဆုတ်ခွာခဲ့ကြတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိဘူး။ စစ်(...)၊ ပျူ(...)တွေဘက်ကတော့ အယောက် ၄၀ လောက် သေတယ်လို့ ကြားပြီး အတိအကျ မသိရသေးဘူး။ သေတဲ့သူ အများစုကတော့ ပျူစောထီးတွေ။”

ဇူလိုင် ၂၈ ရက် ညမှာလည်း စစ်ကောင်စီတပ်တွေဘက်က အင်အားထပ်တိုးထားပြီး လမ်းဘက်မှာ လက်နက်ကြီးတွေ အထိုင်ချကာ ကျေးရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေသလို ဒီနေ့ ဇူလိုင် ၂၉ ရက်မှာလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတော့ မရှိသေးဘူးလို့ ဗိုလ်နဂါးလေးက ပြောပါတယ်။

“အဲဒီစစ်(...)တွေဟာ မနေ့က ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၈ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၆၀ လောက် မီးလောင်ကျွမ်းခဲ့တယ်။ အဲဒီကနေတဆင့် တောင်မြင့်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အခြေအနေကိုတော့ မသိရသေးဘူး။ ဒီနေ့မနက်ပိုင်းမှာလည်း တောင်မြင့်ကျေးရွာကို ထပ်ပြီး မီးရှို့နေကြတယ်။ လောလောဆယ်ကတော့ ရွာကိုဝင်လို့မရသေးဘူး။ နယ်မြေအေးချမ်းမှပဲ ထိခိုက်ပျက်စီးတဲ့ အခြေအနေကို စုံစမ်းရမယ်။”

ပေါက်မြို့နယ်ထဲမှာ ဒီကနေ့အထိ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာပေါင်း သုံးလေးဆယ်လောက်ရှိနေပြီး ကျေးရွာ ၂၅ ရွာလောက်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးထားကာ လူဦးရေ ၂၀,၀၀၀ ထက်မနည်း ထွက်ပြေးနေကြရပြီး ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက အတတ်နိုင်ဆုံး အကာကွယ်ပေးကာ ဘေးလွတ်ရာနေရာတွေကို ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက်ကတော့ ပြည်တွင်းပြည်ပ အလှူရှင်တွေက လှူဒါန်းထားပြီး အဓိက အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေလို့ ထောက်ပံ့ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

တောင်မြင့်ကျေးရွာဘက်ကို ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ သက်ကြီးရွယ်အိုတွေ ကျောပိုးပြီး ပြေးရသလို မိသားစုများတဲ့သူတွေကိုလည်း တွဲခေါ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ တောင်မြင့်ကျေးရွာ ဒေသခံပြည်သူတယောက်က ပြောပါတယ်။

“ကျနော်တို့ အသက်လုပြီး ထွက်ပြေးခဲ့ရလို့ ဘာမှကို မသယ်ခဲ့ရဘူး။ နေအိမ်မှာကျန်ခဲ့တဲ့ ငွေကြေးနဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း စစ်(...)နဲ့ ပျူ(...)တွေက စိတ်ကြိုက်မွှေနှောက်ပြီး ကားတွေနဲ့ သယ်သွားတယ်။ အဓိကအခက်အခဲကတော့ စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ ကျနော်တို့ထဲမှာဆိုရင် သက်ကြီးရွယ်အို ဆီးချို၊ သွေးချို ရောဂါအခံရှိသူတွေ ပါလာလို့ ကျန်းမာရေးဝန်ဆောင်မှု လိုအပ်တယ်။ တောထဲတွေမှာ တဲထိုးပြီး နေကြရသူတွေအတွက်တော့ မိုးကာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်တွေ လိုအပ်တယ်။”

ကျားပစ်ကန်ကျေးရွာကို ဇူလိုင် ၂၇ ရက် မနက် ၈ နာရီလောက်မှာလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာလို့ အသက် ၄ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးကာ အမျိုးသား ၂ ယောက် အမျိုးသမီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာမှာလည်း အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီလောက်က အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၅ ဦးသေဆုံးခဲ့တယ်လို့ Earthquake People's Defense Force က တာဝန်ရှိသူတဦးက ပြောပါတယ်။

အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲထားတာ ကြာပြီဖြစ်တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ စီစဥ်ထားတာ ကြာပြီဖြစ်ပေမဲ့ ကျေးရွာထဲမှာ စစ်တပ်က ကင်းတွေချထားတာကြောင့် လူအင်အား လက်နက်အင်အား စုပြီးမှ တိုက်ခိုက်ဖြစ်ခဲ့တာလို့ ပြောပါတယ်။

Earthquake People's Defense Force က တာဝန်ရှိသူတဦးက “ကျနော်တို့အဖွဲ့ ၃ ဖွဲ့သွားတယ်။ သွားပြီးတော့ သူတို့ဘက်က ပွိုင့်နေရာ ၃ ခုရှိတယ်။ ဘုန်းကြီးကျောင်းရယ်၊ ဘုန်း​ကြီးကျောင်းအရှေ့က ဘန်ကာရယ်၊ စက်ကလေးကုန်းဆိုတာရယ် ရှိတာပေါ့။ ကုန်းလေးပေါ့။ အဲ့ ၃ နေရာပေါ့။ ကျနော်တို့က ရွာထဲကအိမ်တွေကနေ အရင်ဆုံး ဘန်ကာကို ပစ်တာပေါ့။ ဘန်ကာကိုပစ်တော့ သူတို့ အနောက်ကိုဆုတ်သွားတယ်။ ဘန်ကာကို သိမ်းလိုက်နိုင်တယ်။ ဘုန်း​ကြီးကျောင်းထဲကို ဆက်ပစ်တော့ သူတို့ထွက်ပြေးတယ်။ စက်ကလေးကုန်းကို ထပ်ပစ်ဖို့လုပ်တော့ မြို့ထဲက စစ်ကူတွေကော၊ တခြားရွာဘက်က စစ်ကူတွေကော ၆၀ မမတွေနဲ့ကော ပစ်တော့ ကျနော်တို့ ဆုတ်ခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်​ကောင်စီတပ်ဘက်က နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်သားတွေက လက်နက်ကြီး ၆၀ မမ သုံးချက် ပစ်ကူပေးတဲ့အပြင် တခြားစစ်ကူတွေလည်း ရောက်ရှိလာတာကြောင့် လက်နက်လည်း မကောက်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်သားနှစ်ဦး နေရာတင်သေဆုံး​ပြီး နောက်ထပ် သုံးဦးကျဆုံးကြောင်း သတင်းရခဲ့တယ်လို့​ ပြောပါတယ်။

အရှေ့ဘုန်းကန်ရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေက အနီးအနားကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Earthquake People's Defense Force၊ PKU North PDF နဲ့ Royal Defense Force PKU တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013