DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း အမေရိကန်ဒေါ်လာဈေးတက်ပြီး ဝယ်ရခက်ခဲလာ
DVB
·
July 29, 2022
မြန်မာပြည်တွင်း အမေရိကန်ဒေါ်လာဈေးတက်ပြီး ဝယ်ရခက်ခဲလာ
Donate to DVB

မြန်မာပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ဝယ်ရခက်ခဲလာပြီး ဈေးနှုန်းလည်း အတိအကျ မရှိတော့တာကြောင့် ဒေါ်လာနဲ့ ဆက်နွှယ်တဲ့လုပ်ငန်းအားလုံးဟာ ခက်ခဲကျပ်တည်းနေတဲ့အကြောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးအပေါ် ထိန်းချုပ်ကန့်သတ်တဲ့ ဖိအားတွေ များလာတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ အသေးစားနဲ့အလတ်စား ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေဟာ ရှင်သန်ဖို့ မနည်း ရုန်းကန်နေရပါတယ်။

ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တဦးက “သူတို့ တဒေါ်လလာကို ၁၈၅၀ နှုန်းနဲ့ စပြီး အမ်းကတည်းက ပို့ကုန်၊ သွင်းကုန်နဲ့ပတ်သက်တဲ့ အလုပ် ဘာတခုမှ မလုပ်တော့ဘူး။ စိတ်ရှုပ်လို့။ အဲ့ဒါတွေကို ဘာမျှ မလုပ်ချင်တော့လို့ အကုန်မေ့ထားလိုက်ပြီ။ ဒီအချိန်မှာ အခက်အခဲကတော့ လူတိုင်းမှာ ရှိကြတာပဲ။ ကုန်သည်ဆိုတာက သူ့နည်း သူ့ဟန်နဲ့တော့ ဖြစ်အောင်တော့ ရုန်းကြမှာပါ။ ဒါပေမဲ့ လုပ်ငန်းရပ်တဲ့သူတွေလည်း ရပ်သွားကြပြီ။ မလုပ်ရင် မဖြစ်တဲ့သူကတော့ ကြိုးစားပြီး ဆက်လုပ်ရမှာပေါ့။ အခြေအနေအရ အဲဒီလိုတွေ ဖြစ်ကုန်ပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဗဟိုဘဏ်က ခွင့်ပြုပေးထားတဲ့ နိုင်ငံခြားငွေရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရ ငွေလဲကောင်တာ တွေ အပါအဝင် ပုဂ္ဂလိကဘဏ်တွေမှာ အမေရိကန်ဒေါ်လာကို ရောင်းချပေးနိုင်မှု မရှိတာကြောင့် ဒေါ်လာနဲ့ဆက်နွှယ်တဲ့ လုပ်ငန်းတွေဟာ အခက်အခဲမျိုးစုံ နဲ့ ကြုံတွေ့နေရပါတယ်။

ခရီးသွားဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တဦးက “နိုင်ငံခြားသွားမယ့်သူတွေဆိုရင်လည်း ဒေါ်လာကို ဘယ်မှာ ဝယ်ရမှန်း မသိဘူး ဖြစ်နေတယ်။ လေဆိပ်မှာ ဒေါ်လာ ၂၀၀ ရောင်းပေးမယ်လို့ ပြောပေမဲ့ အဲ့ဒါကလည်း ဘယ်တော့ ရောင်းပေးမှာလဲ။ လေယာဉ်က ၈ နာရီထွက်မယ်ဆိုရင် ကောင်တာမှာ လူတွေက ၇ နာရီ check in ဝင်ရတာ။ အဲ့အချိန် လေဆိပ် ကောင်တာတွေကလည်း မဖွင့်သေးဘူးဆိုတော့ ဝယ်လို့ မရဘူး။ လုပ်ငန်းလုပ်နေတဲ့သူတွေလည်း အတူတူပဲ။ လေယာဉ်လက်မှတ်ရောင်းတဲ့ သူတွေက  ဒေါ်လာနဲ့ သတ်မှတ်ထားတာဖြစ်လို့ လေယာဉ်လက်မှတ်ခကို ဒေါ်လာနဲ့ပဲ ပေးပါပေါ့။ ဘာလို့ဆို သူတို့ကလည်း စစ်ကောင်စီက သတ်မှတ်ထားတဲ့ ၁၈၅၀ ကျပ်နှုန်းနဲ့ ပေးဖို့ဆိုတာကလည်း အဆင်မပြေဘူး။ အပြင်မှာ ပေါက်တဲ့ ဈေးနဲ့ တွက်ပြီး တောင်းဖို့ဆိုတာကလည်း ဘယ်လောက် ဈေးပေါက်နေလဲဆိုတာ အခု မသိတော့ဘူး။ အဲ့လိုဖြစ်နေတော့ အခြေအနေတွေက တော်တော်လေးကို ခက်ခဲနေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံမှာ အရန်ငွေကြေးအဖြစ် ဒေါ်လာ ထိုက်သင့်သလောက် စုဆောင်းပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၆ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ငွေကြေးပမာဏ ဘယ်လောက်ရှိလဲဆိုတာကိုတော့ ပြောဆိုခဲ့တာ မရှိပါဘူး။

စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ လက်တွေ့မြေပြင် အခြေအနေနဲ့ ကွာဟချက် ရှိနေတာပါ။

စီးပွားရေးသုတေသီတဦးက “သူတို့ပြောသလို ရှိတယ်ဆိုရင် ဒေါ်လာနဲ့ပတ်သက်ပြီး အများတကာကို ဘာကြောင့် လည်ပင်း လိုက်ညှစ်နေရတာလဲ။ အခု သူတို့လုပ်နေတာတွေက လည်ပင်း မညှစ်ရမယ့်ဟာတွေကို လည်ပင်း လိုက်ညှစ်နေတာ။ နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ကျပ်ငွေနဲ့ အတင်းအဓမ္မ လဲလှယ်ပြစ်တာ။ ပြည်တွင်းမှာ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ပြည်ပမှ ချေးယူထားတဲ့ နိုင်ငံခြားငွေကြေးတွေကို ဆိုင်းငံ့ထားဖို့ ဆိုတဲ့ ဒီလိုထုတ်ပြန်ချက်တွေက စီးပွားရေး လောကမှာ အတော်လေး ရုပ်ဆိုးအကျည်းတန်စေတယ်။ ဒါတွေက ဒေါ်လာ လိုအပ်ချက် မရှိဘဲနဲ့ လုပ်တာ မဖြစ်နိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးအပေါ် လေ့လာသုံးသပ်ချက်အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ နိုင်ငံခြားအရံငွေကြေး အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၇ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံခြားအရန်ငွေကြေး ပမာဏကို စစ်ကောင်စီက ထုတ်ပြန်တာ မရှိတော့တဲ့အတွက် လက်ကျန် ပမာဏ ဘယ်လောက်ရှိလဲ ဆိုတာကို မသိနိုင်တော့ပါဘူး။

မြန်မာငွေတန်ဖိုးကလည်း ဆက်တိုက်ကျဆင်းလာတာကြောင့် ပြင်ပဈေးကွက်မှာ နိုင်ငံခြားငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၅၀၀ ကျော်ကနေ ၂၈၀၀ လောက်ထိရှိနေတယ်လို့ ပြောဆိုနေကြပေမယ့် အမှန်တကယ် အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်း မဟုတ်တဲ့ အတွက် ကြိုက်ရောင်းကြိုက်ဝယ် ပုံစံ ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013