
ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးခရိုင်၊ ခယောဂိုကုမြို့ရှိ စိုက်ပျိုးရေးကုမ္ပဏီတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ကျွမ်းကျင်လုပ်သား ၆ ယောက်ဟာ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုတွေ ခံခဲ့ရလို့ ဆပ်ပိုရိုဒေသဆိုင်ရာ အလုပ်သမားသမဂ္ဂက ကယ်ဆယ်စောင့်ရှောက်ထားရပါတယ်။
ကယ်ဆယ်ခံရသူတွေဟာ အသက် ၁၉ နှစ်မှ ၃၀ နှစ်ကြားရှိ မြန်မာအမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၄ ယောက် စုစုပေါင်း ၆ ယောက်ဖြစ်ပြီး သူတို့ဟာ အခုနှစ် မေလမှ ဇူလိုင်လအတွင်း ဂျပန်နိုင်ငံကို "ကျွမ်းကျင်လုပ်သား - ၁” ဗီဇာနဲ့ လာရောက်ကာ စိုက်ပျိုးရေးကုမ္ပဏီမှာ စတင် အလုပ်လုပ်ကိုင်နေခဲ့တာပါ။
အဆိုပါ မြန်မာအလုပ်သမားတွေဟာ နေ့စဉ် ခေါင်းကိုအရိုက်ခံရ၊ ဆဲဆိုကြိမ်းမောင်းခံရတာနဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကိုယ်ပါ ထိပါးကာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံခဲ့ရကြောင်း ဩဂုတ် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမားတွေက မျက်ရည်တွေနဲ့ ထုတ်ဖော် ပြောပါတယ်။
မြန်မာအလုပ်သမားတယေံာက်က "မြန်မာနိုင်ငံကနေ ထွက်လာတုန်းကတော့ မျှော်လင့်ချက်တွေ အပြည့်နဲ့ပါ။ ဒါပေမဲ့ အလုပ်စလုပ်တဲ့နေ့ကစပြီး ဆင်းရဲဒုက္ခတွေ စတင်ခဲ့ပါတယ်။ မနက်အိပ်ရာနိုးတိုင်း ဒီနေ့ဘယ်လိုအရိုက်ခံရမလဲ၊ ဘယ်လိုအဆူခံရမလဲဆိုတာကို တွေးပြီး ကြောက်လန့် နေခဲ့ရပါတယ်" လို့ ငိုကြွေးကာ ပြောပါတယ်။
ဂျပန်ကိုလာတာ အလုပ်လုပ်ဖို့ပါ။ လူသားဆန်ဆန် ဆက်ဆံပေးဖို့နဲ့ သေချာသင်ကြားပေးဖို့ တောင်းဆိုချင်ပါတယ်လို့ မြန်မာအလုပ်သမားတယောက်က ဂျပန်လုပ်ငန်းရှင်တွေကို ရည်ညွှန်း ပြောပါတယ်။
မြန်မာအမျိုးသားလုပ်သားတယောက်ကတော့ သတ္တုတုတ်လို အရာနဲ့ ရိုက်နှက်ခံရတာကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဒီကိစ္စအတွက် မကြာခင်မှာ ရာဇဝတ်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဆပ်ပိုရို ဒေသဆိုင်ရာ အလုပ်သမားသမဂ္ဂက ဩဂုတ် ၂၀ ရက်မှာ သက်ဆိုင်ရာ စိုက်ပျိုးရေးကုမ္ပဏီကို နိုင်ငံခြားသားအလုပ်သမားများအပေါ် အကြမ်းဖက်မှုနဲ့ အလွဲသုံးစားပြုမှု ချက်ချင်းရပ်တန့်ဖို့၊ တောင်းပန်ဖို့နဲ့ နစ်နာကြေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေးနဲ့ နေထိုင်ခွင့်စီမံခန့်ခွဲမှုအေဂျင်စီ (Immigration Services Agency) ကိုလည်း သတင်းပို့တိုင်ကြားထားပြီး လက်ရှိမှာ အေဂျင်စီက စုံစမ်းစစ်ဆေးနေပါတယ်။
အဆိုပါ စိုက်ပျိုးရေးကုမ္ပဏီဘက်ကတော့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ အသေးစိတ် ပြုလုပ်နေဆဲလို့ တုံ့ပြန်ဖြေကြားထားပါတယ်။
အဆိုပါ စိုက်ပျိုးရေးခြံ တာဝန်ရှိသူနဲ့ သားဖြစ်သူ ဦးစီးတဲ့ စိုက်ပျိုးရေးကုမ္ပဏီဟာ ၂၀၂၂ ခုနှစ် မတ်လကလည်း အလုပ်သင်တွေရဲ့ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်မှု ကြောင့် နည်းပညာသင်တန်းသားအစီအစဉ် အသိအမှတ်ပြုလိုင်စင် ရုပ်သိမ်းခံခဲ့ရဖူးပါတယ်။
တရားရေးဝန်ကြီးဌာနရဲ့ ပြဋ္ဌာန်းချက်အရ လိုင်စင်ရုပ်သိမ်းခံရပြီးနောက် ၅ နှစ်အတွင်း ကျွမ်းကျင်လုပ်သားတွေအပါအဝင် နိုင်ငံခြားသားလုပ်သားတွေကို လက်ခံခွင့်မရှိပေမဲ့ အခုလို မြန်မာအလုပ်သမားတွေကို ခေါ်ယူခန့်ထားတဲ့အပေါ် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီက ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။











