DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ
DVB
·
July 28, 2022
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်မှာ  စစ်ကောင်စီတပ်တွေနဲ့ MNDAA ၊ KIA တပ်တွေအကြား ဇူလိုင် ၂၅ ရက်ကစပြီး ၂၈ ရက် အထိ နေ့စဉ် ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကလေးငယ် တယောက် လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ 

ဒီနေ့ မွန်းလွဲ ၁၂ နာရီကျော်လောက်က  ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားမှာ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား နာရီအနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။

"ကွတ်ခိုင် ရှုခင်းသာ၊ ဖာခေတ်နဲ့ နမ့်တွန်းကြား သစ်ကြားသီးခြံတလျှောက် KIA တပ်ရင်း ၉၊ ကချင်ပြည်သူ့စစ် Army ပူးပေါင်းတို့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားတယ်။ စစ်ကောင်စီဘက်က နမ့်ဖတ်ကာ ၁၂၃ တပ်၊ နမ့်ခိုင်တပ်၊ ကွတ်ခိုင် ၂၄၂ တပ် တို့ကနေ လက်နက်ကြီး ပစ်ကူတယ်။" 

အဆိုပါတိုက်ပွဲမှာ နှစ်ဖက်တပ်တွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။

ဇူလိုင် ၂၇ ရက်ကလည်း နမ့်အွမ်နဲ့ တီးမကြား ထင်းရှူးတောမှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့‌တယ်လို့  နမ့်အွမ် ဒေသခံ တယောက်က ပြောပါတယ်။ 

"တိုက်ပွဲကတော့ ဖြစ်တယ်။ ညနေပိုင်း ၂ နာရီ ဝန်းကျင်က။ လက်နက်ကြီးတွေလည်း ပစ်တယ်။ ရွာထဲတော့ ဘာမှ မဖြစ်ဘူး။”

ဒီညနေ ၃ နာရီ ကျောင်းဆင်းချိန်မှာတော့ တိုက်ပွဲမဖြစ်ဘဲ နမ့်ခိုင်ဘက်မှ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျောင်းက အပြန်လမ်း နမ့်ဖလွန်ရွာအနီး လီဆူရွာသစ်မှာ အော်ခဲရွာက အသက် ၈ နှစ်အရွယ် မူလတန်းကျောင်းသား မောင်ခမ်းဂေါန်ကို လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့  ဒေသခံတွေနဲ့ အကူအညီ ပေးခဲ့သူတွေက ပြောပါတယ်။ 

"ကလေး တယောက်ကျောမှာ လက်နက်ကြီးကျည်စ ထိမှန်တယ်။ ကျည်စ အထဲမှာ ရှိနေသေးတော့ မနေ့ည ကွတ်ခိုင်ဆေးရုံရောက်တယ်။ ဒီနေ့ ခွဲစိပ်ဖြစ်လားတော့ မသိရသေးဘူး။" လို့ အကူအညီပေးခဲ့သူ ‌တဦးက ပြောပါတယ်။

ဇူလိုင် ၂၇ ရက်နဲ့  ၂၈ ရက်မှာ  နမ့်ဖတ်ကာ စစ်ကောင်စီ ၁၂၃ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့  နမ့်ဖတ်ကာ ဒေသခံက ပြောပါတယ်။

"နမ့်ဖတ်ကာကလည်း ပစ်နေတာ။ မနေ့ကလည်း ပစ်တယ်။ ဒီနေ့လည်း ပစ်တယ်။ ၈ ချက်၊ ၉ ချက်လောက်ရှိတယ်။ အိမ်တောင်တုန်တယ်။ သူတို့ပစ်တာ လှမ်းမြင်ရတယ်လေ ဒီက။ အသံကလည်း အကျယ်ကြီး။ မီးတွေလည်း အဲလိုသွားတာ လှမ်းမြင်ရတယ်။ ပစ်ပြီးတော့ ခဏလေးဆို ပြန်ကျတဲ့ အသံ ကြားရတယ်။”

အခုလ ဇူလိုင် ၂၅ ရက်က ကွတ်ခိုင်လွယ်ဆမ်ဆစ်တောင်ခြေမှာ စစ်‌ကောင်စီနဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီ ကျစထိမှန်လို့ အသက် ၃ နှစ်အရွယ် ကလေးငယ် တယောက် သေဆုံးခဲ့တဲ့အပြင် ဇူလိုင် ၂၆ ရက်မှာလည်း  ကွတ်ခိုင်ဂေါက်ကွင်း အနီး စစ်‌ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013