DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၁၃၀ ကျော်ထိ မြင့်တက်
DVB
·
July 28, 2022
စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၁၃၀ ကျော်ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၃၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၈၉၈ ယောက် ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၈၀၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၅၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက ၇၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၆၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၆ ရက်မနက် ၇ နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မကျီးအုပ်ကျေးရွာအနီးကို စစ်သား ၈၀ လောက်ရှိတဲ့ စစ်ကြောင်းတခု ရောက်ရှိလာခဲ့ပြီး ပစ်ခတ်တာကြောင့် အသက် ၁၄ နှစ်အရွယ် မောင်ခန့်ခန့်ငြိမ်း​ရဲ့ လက်နဲ့ ရင်ဘတ်တို့မှာ ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်တာကြောင့် ဒေသခံရွာသား ဦးဌေးက မောင်ခန့်ခန့်ငြိမ်းနဲ့ သူ့ရဲ့ မိခင်ဖြစ်သူကို လူနာတင်ကားပေါ်တင်ပြီး ဆေးရုံသွားဖို့ ရွာမြောက်ပိုင်းက ထွက်ခွာချိန်မှာ စစ်သားတွေနဲ့ ထိပ်တိုက်တိုးကာ ပစ်ခတ်ခံခဲ့ရပြီး ဦးဌေးဟာ ရင်ဘတ်၊ ပေါင်နဲ့ တင်ပါးဆုံတို့မှာ ကျည်ဒဏ်ရာ အများအပြားရရှိကာ နေရာတင် သေဆုံးသွားခဲ့တယ်လို့ သိ ရပါတယ်။ မောင်ခန့်ခန့်ငြိမ်းကတော့ အချိန် ၁၅ မိနစ်လောက်အကြာမှာ သေဆုံးသွားခဲ့ပြီး စစ်သားတွေက မောင်ခန့်ခန့်ငြိမ်း​ရဲ့ မိခင်ဖြစ်သူကို ကားပေါ်က ဆင်းခိုင်းကာ မြေပြင်မှာ ဝမ်းလျားမှောက်စေပြီး မျက်နှာကို ကန်ကျောက်ခဲ့တဲ့အပြင် လူနာတင်ကားကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013