DVB Logo
Home
မြန်မာသတင်း
မြန်မာဟစ်ဟော့ပ်အဆိုတော် ဖြိုးဇေယျာသော် ကွပ်မျက်ခံရသည့်အပေါ် ထိုင်းအနုပညာမဂ္ဂဇင်းက ဝမ်းနည်းကြောင်းဖော်ပြ
DVB
·
July 28, 2022
မြန်မာဟစ်ဟော့ပ်အဆိုတော် ဖြိုးဇေယျာသော် ကွပ်မျက်ခံရသည့်အပေါ် ထိုင်းအနုပညာမဂ္ဂဇင်းက ဝမ်းနည်းကြောင်းဖော်ပြ
Donate to DVB

မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အန်အယ်လ်ဒီအမတ်ဟောင်းလည်းဖြစ်၊ ဟစ်ဟော့ပ်အဆိုတော်လည်းဖြစ်တဲ့ ဖြိုးဇေယျာသော်ကို စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့အပေါ် ထိုင်းနိုင်ငံထုတ်  BLAST အနုပညာမဂ္ဂဇင်းက ဝမ်းနည်းကြောင်း ရေးသားဖော်ပြပါတယ်။

R.I.P ဇေယျာသော် (၄၁) နှစ်၊ သူဟာ ACID လို့ခေါ်တဲ့ မြန်မာဟစ်ဟော့ပ်အဖွဲ့ကို တည်ထောင်သူ တေးသံရှင်ဟောင်းတဦးဖြစ်တယ်။ ၂၀၀၀ ပြည့်နှစ်မှာ  “စတင်ခြင်း” အမည်ရှိ မြန်မာပြည်ရဲ့ ပထမဆုံး ဟစ်ဟော့ပ်အယ်လ်ဘမ် ထုတ်လုပ်ခဲ့တယ်၊ သူဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဖြစ်တယ်လို့  ထိုင်းမဂ္ဂဇင်းက ဖော်ပြထားပါတယ်။

ဒါ့ပြင် သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက လွှတ်တော်အမတ်တဦးလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စစ်အာဏာရှင်တို့ရဲ့ အဖမ်းအဆီးကို ခံခဲ့ရကာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ အခြား ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ ၃ ဦးတို့နဲ့အတူ စစ်အာဏာရှင်ရဲ့ ကွပ်မျက်မှုကို ခံခဲ့ရတယ်လို့လည်း ရေးသားထားပါတယ်။ 

ဖြိုးဇေယျာသော် ပါဝင်ခဲ့တဲ့ ACID အဖွဲ့ရဲ့ တေးသီချင်းတွေကိုလည်း နားဆင်နိုင်ဖို့  BLAST မဂ္ဂဇင်းက  သူတို့ရဲ့ လူမှုကွန်ရက်မှာ  ဖော်ပြထားပါတယ်။

အဆိုပါပို့စ်ကို နှစ်သက်သူ ၆,၀၀၀ ကျော်၊ ပြန်ဝေမျှသူ ၄,၀၀၀ ကျော်နဲ့ မှတ်ချက်ပေါင်း ၂၀၀ ကျော် ရှိပါတယ်။

မှတ်ချက်ပေးသူ အများစုက ဖြိုးဇေယျာသော်အတွက် ဝမ်းနည်းကြောင်းနဲ့ သေတဲ့အထိ တော်လှန်သွားတယ်၊ လေးစားတယ်၊ မိစ္ဆာဘီလူးလက်က လွတ်မြောက်ပြီ၊ ငြိမ်းချမ်းတဲ့ဘုံမှာ အနားယူပါ၊ ယုံကြည်ချက်အတွက် အသက်ပေးသူ၊ အရည်အချင်းရှိသူတယောက်ရဲ့ ခွဲခွာမှုပေါ် ဝမ်းနည်းပြီး နှမြောရတယ်၊ အာဏာရှင်စနစ် ကျဆုံးပါစေ၊ အရိုင်းအစိုင်း စစ်အစိုးရ၊ ပေးဆပ်မှု ပြန်ခံရမှာ အသေချာပဲ၊ ပရယွတ် မိတ်ဆွေ စစ်အာဏာရှင် ဝဋ်လိုက်ပါစေ၊ ငြိမ်းချမ်းရာဘုံ ရောက်ပါစေ စသဖြင့် ဆုတောင်းပြီး မြန်မာစစ်ကောင်စီကိုလည်း ဝိုင်းဝန်းဝေဖန် ရှုတ်ချထားပါတယ်။

BLAST မဂ္ဂဇင်းဟာ တေးဂီတ၊ အနုပညာနဲ့ အနုပညာရှင်တို့ရဲ့ ဘဝကောက်ကြောင်းတွေ ရေးသားဖော်ပြပြီး ဒီမိုကရေစီအားပေးတဲ့ လွတ်လပ်သော စာနယ်ဇင်းအဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနဲ့တကွ နိုင်ငံတကာက ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ အကြောင်းတွေပါ ရေးသားဖော်ပြလေ့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013