DVB Logo
Home
Lead Story
မဟာမြစ်ကြီး ဧရာဝတီရင်ခွင်ထက်မှာ အသိတရားနဲ့ စုစည်းပေါ်ထွန်းလာမယ့် ပြည်ထောင်စုနိုင်ငံ‌တော်သစ်
DVB
·
July 28, 2022
မဟာမြစ်ကြီး ဧရာဝတီရင်ခွင်ထက်မှာ အသိတရားနဲ့ စုစည်းပေါ်ထွန်းလာမယ့် ပြည်ထောင်စုနိုင်ငံ‌တော်သစ်
Donate to DVB

ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိတဲ့အထဲမှာ ဒီမိုကရေစီညွှန်းကိန်း (The Democracy Index) နဲ့ တိုင်းတာထားတဲ့ နိုင်ငံပေါင်း ၁၆၇ နိုင်ငံအနက် ဒီမိုကရေစီအပြည့်ကျင့်သုံးတဲ့ (Full Democracy) နိုင်ငံပေါင်း ၂၁ နိုင်ငံ၊ အနာအဆာပါတဲ့ ဒီမိုကရေစီနိုင်ငံ (Flawed democracies) ၅၃ နိုင်ငံ၊ ဒီမိုက‌ရေစီ မျက်နှာဖုံးစွပ် အာဏာရှင်နိုင်ငံ (Hybrid regimes) ၃၄ နိုင်ငံနဲ့ အာဏာရှင်နိုင်ငံ (Authoritarian regimes) ၅၉ နိုင်ငံရှိတယ်လို့ သတ်မှတ်ထားပါတယ်။

အာဏာရှင်နိုင်ငံ ၅၉ နိုင်ငံ အနက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ မကောင်းဆိုးဝါး ဝင်ရိုးစွန်းနိုင်ငံတွေကတော့ အားလုံးသိကြတဲ့အတိုင်း အာဏာရှင် ကင်မ်ဂျုံအန်း စိုးမိုးထားတဲ့ မြောက်ကိုရီးယားနိုင်ငံ၊ အာဏာရှင် ဗလာဒီမာပူတင် ကြီးစိုးနေတဲ့ ရုရှားနိုင်ငံ၊ ဇီကျင်ပင်းတို့ရဲ့ တရုတ်ကွန်မြူနစ်ပါတီ ချုပ်ကိုင်ထားတဲ့ တရုတ်နိုင်ငံတွေနဲ့ မိစ္ဆာစစ်ဘီလူးသဘက် နင်းချေဖျက်ဆီးတာ ခံနေရတဲ့ မြန်မာနိုင်‌ငံတို့ ဖြစ်ကြပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်စွာ အာဏာလု ဗိုလ်ကျနေတဲ့ စစ်အာဏာရှင်စနစ်ကို အပြီးသတ်ဖယ်ရှားဖို့ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူလူထုဟာ ရရာနည်းလမ်းစုံနဲ့ ကြိုးပမ်းအားထုတ်နေကြတာ ဖြစ်တယ်။ လူ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အရာတွေဖြစ်တဲ့ အသက်ဘဝတွေ ရင်းနှီးပေးဆပ်နေကြရတာ ဖြစ်တယ်။

မြန်မာပြည်သူလူထုရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူ့အသက်ကို ပဓာနမထားဘဲ သေမင်းတမန် သေနတ်ပြောင်းဝရှေ့ကို အမှန်တရားအတွက် ရဲဝံ့စွာ တိုးထွက်ရင်ဆိုင်ခဲ့သလို မိသားစုဘဝ၊ ခင်ပွန်းနဲ့ သား ၂ ဦးကို စွန့်လွှတ်ပြီး တရားမျှတမှုအတွက် ယုံကြည်မှုနဲ့ တာဝန်ထမ်းဖို့ ရွေးချယ်ခဲ့တာ အားလုံးသိပြီး ဖြစ်ပါတယ်။

နောက်လိုက်ကောင်းပီသတဲ့ မြန်မာပြည်သူလူထုဟာလည်း နိုင်ငံရေးအသိရေချိန် မြင့်တက်လာပြီး ခေါင်းဆောင်လျှောက်တဲ့လမ်းအတိုင်း အသက်ဘဝ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ပြီး စစ်ဖိနပ်အောက်က ရုန်းထွက်ဖို့ ရဲဝံ့စွာ‌‌ အာဇာနည်စိတ်ဓာတ်တွေ မွေးလို့ ယုံကြည်ရာကို ရွေးချယ်ရင်ဆိုင်ခဲ့ကြပါတယ်။ ဒီတော့ ခေါင်းဆောင်နဲ့ ပြည်သူတွေ တူညီစွာ ယုံကြည်ကြတဲ့ တရားမျှတမှုနဲ့ ရည်မှန်းချက်ဟာ မလွဲမသွေ ပေါ်ထွန်းလာမှာ ဖြစ်တယ်။

တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်း သမိုင်းဖြစ်စဉ်တွေကို လေ့လာလိုက်ရင် မိမိနယ်မြေအလိုက် ယဉ်ကျေးမှုမြင့်မားတဲ့ လူ့အဖွဲ့အစည်း မြို့ပြနိုင်ငံတွေ ပေါ်ထွန်းခဲ့သလို ဧရာဝတီရဲ့ ရင်ခွင်ထက်မှာ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံတော်ကြီးများစွာ ပေါ်ထွန်းခဲ့ပါတယ်။ အဲဒီတုန်းတော့ စစ်မက်ခင်းပြီး အားကြီးသူက သိမ်းပိုက်ကြတဲ့ခေတ်ကာလမို့ စစ်အင်အားနဲ့ တည်ထောင်ကြရတဲ့ နိုင်ငံတော်ကြီးတွေလို့ သတ်မှတ်နိုင်မှာပါ။

ဒါပေမဲ့ ဧရာဝတီရဲ့ ရင်ခွင်ထက်မှာ ဒီတခါ ပေါ်ထွန်းလာမယ့် နိုင်ငံတော်သစ်ကြီးကတော့ အင်အားနဲ့စုစည်းတာမဟုတ်ဘဲ အသိတရားနဲ့ စုစည်းတည်ထောင်တဲ့ ပြည်ထောင်စုနိုင်ငံတော်သစ်ကြီး ဖြစ်ပါတယ်။

ဘုံရန်သူ စစ်အခွင့်ထူးခံ အာဏာရှင်စနစ်ကို အမြစ်လှန်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုကြတဲ့ စိတ်တူကိုယ်တူ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး တန်းတူညီမျှ လွတ်လပ်မျှတစွာ လက်တွဲရှင်သန်ချင်တဲ့ ဘဝပေးအသိတရားတွေနဲ့ စုစည်းညီညွတ်စွာ တည်ဆောက်ကြမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကြီး ဖြစ်ပါတယ်။

မြန်မာပြည်သူတွေရဲ့ ရည်မျှော်ချက်ဟာ စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ ဖျက်သိမ်းရေးတင်သာ မကတော့ပါဘူး။ နောင်အနာဂတ်မှာ လက်နက်အားကိုးနဲ့ ဗိုလ်ကျအနိုင်ကျင့်မယ့် စနစ်ဆိုးမျိုး ထပ်မံမပေါ်ထွန်းလာအောင် အများဆန္ဒနဲ့ တရားမျှတစွာ အုပ်ချုပ်နိုင်ခွင့်ကို အာမခံမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို ခိုင်မာအောင် အုတ်မြစ်ချရေးပဲ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးတဲ့နောက် ခေတ်အဆက်ဆက်မှာ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန့်ကျင်ကြောင်း နည်းအမျိုးမျိုးနဲ့ ပြသခဲ့ကြပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ လမ်းမတွေပေါ် တက်ပြရမယ့်အချိန်ဆို လူပင်လယ်ဖြစ်သည်အထိ ပြသခဲ့ကြသလို ရွေးကောက်ပွဲတွေ ကျင်းပခဲ့တိုင်းလည်း စစ်အခွင့်ထူးခံပါတီမှန်သမျှ ငြင်းပယ်ကြောင်းကို မဲဆန္ဒနဲ့လည်း အကြိမ်ကြိမ် ပြသခဲ့ကြပြီး ဖြစ်ပါတယ်။

တရားမျှတတဲ့လူ့ဘောင်ကို တည်ဆောက်လိုတဲ့ ပြည်သူ့ဆန္ဒဟာ ‌ဘယ်သောအခါမှ ယိမ်းယိုင်မသွားဘဲ တိုးလို့သာ ခိုင်မာလာခဲ့တာ ဖြစ်ပါတယ်။ ဒါကို သက်သေပြနေတာကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အာဏာလုယူခဲ့ကြတဲ့ စစ်အကြမ်းဖက်ကောင်စီကို ရက်ပေါင်း ၅၄၀ ကျော်လာတာတောင် အသိအမှတ်မပြုဘဲ အုပ်ချုပ်ခွင့်မပေးလိုတဲ့ သဘောထားကို နေ့စဉ်ရက်ဆက် ဖမ်းဆီးသတ်ဖြတ်တာ ခံရနိုင်တာ သိပေမဲ့ မပျက်မကွက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်တပ်က လက်နက်အားကိုးနဲ့ ပြည်သူ့အာဏာလုယူစဥ်က စတင်လို့ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို ဖော်ညွှန်းတဲ့ “ဖက်ဒရယ်” ဆိုတဲ့ ဝေါဟာရကို ပြည်ထောင်စုကိုဖြိုခွဲမယ့် ဝေါဟာရအဖြစ် ရည်ညွှန်းပြီး နှစ်ပေါင်း ၆၀ ကျော်ကြာအောင် အဲဒီဝေါဟာရကို စစ်အာဏာရှင်အဆက်ဆက် မြန်မာပြည်မှာ တားမြစ် ပိတ်ပင်ထားခဲ့ကြတာပါ။

ဒါပေမဲ့ မြန်မာစစ်တပ်ဟာ ပြည်ထောင်စုမျက်နှာဖုံးစွပ်ပြီး ပြည်ထောင်စုနေ့ ကျ‌ရောက်တိုင်း တိုင်းရင်းသားဝတ်စုံတွေဝတ်လို့ ဟန်ပြ ကကြခုန်ကြတာကိုပဲ ပြည်ထောင်စုကြီးလို့ ဖော်ညွှန်းပြီး တိုင်းပြည်အာဏာ ၃ ရပ်စလုံးကို စစ်အာဏာရှင်အစိုးရက အကြွင်းမဲ့ ချုပ်ကိုင်ထားခဲ့ကြတာ မဟုတ်လား။ တိုင်းရင်းသားတွေ တောင်းဆိုနေခဲ့ကြတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ စတဲ့ အာဏာခွဲဝေရေး ဆိုတာကို မျက်ကွယ်ပြုထားခဲ့ကြတာ မဟုတ်လား။ ဒါပေမဲ့ ပြည်သူလက်မခံတဲ့ ဘယ်လိုစနစ်ဆိုးမဆို နိဂုံးမလှမပနဲ့ အဆုံးသတ်ကြရတာ ကမ္ဘာ့သမိုင်းကို လေ့လာရင် မြင်နိုင်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ပြည်သူတွေ ဘက်ပေါင်းစုံမှ ပြင်းပြင်းပြပြ တောင်းဆို တိုက်ပွဲဝင်‌နေကြတာကြောင့် မကြာခင် မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာမယ့် နိုင်ငံတော်သစ်ဟာ ကမ္ဘာက စံထားရတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်‌ထောင်စုသစ်ကြီး ဖြစ်ထွန်း‌လာမှာ ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ “ဒီမိုကရေစီမှာ... မေတ္တာထည့်နိုင်ရင် တခြားနိုင်ငံတွေထက်သာတဲ့ ဒီမိုကရေစီဖြစ်လာမယ်” လို့ လမ်းညွှန်‌ပြောကြားခဲ့ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးအားလုံး အချင်းချင်း မေတ္တာထား ပေါင်းစည်းနိုင်ရင် ဒီမိုကရေစီအပြည့်ကျင့်သုံးတဲ့ (Full Democracy) နိုင်ငံတွေထက်တောင် သာနိုင်မယ့် စံပြဒီမိုကရေစီနိုင်ငံ ဖြစ်လာမှာကို ပြောတာ ဖြစ်ပါတယ်။

စစ်အခွင့်ထူးခံစနစ်ကို အကြွင်းမဲ့ဖျက်သိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး တည်ဆောက်ဖို့ တိုင်းရင်းသား ပြည်သူလူထု မျိုးဆက်အားလုံးရဲ့ မမှိတ်မသုန် ကြိုးပမ်းအားထုတ်‌မှုတွေ၊ တန်ဖိုးမဖြတ်နိုင်တဲ့ အသက်ဘဝတွေ ပေးဆပ်ရင်းနှီး ပေးဆပ်နေကြတာမို့ မဟာမြစ်ကြီး ဧရာဝတီရင်ခွင်ထက်မှာ ယခင်လို အင်အားနဲ့လုပြီး ဇွတ်တည်ထောင်ခဲ့ကြတဲ့ ပြည်ထောင်စုအတု နိုင်ငံဟောင်းကနေ အသိတရားနဲ့ စုစည်းထားတဲ့ ပြည်ထောင်စုနိုင်ငံ‌တော်သစ်ကြီး မလွဲမသွေပေါ်ထွန်းလာမှာ ဧကန်မုချဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013