DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ သေဒဏ်စီရင်မှုအပေါ် တရုတ်နှင့်ရုရှားအပါအဝင် ကုလလုံခြုံရေးကောင်စီ ဆန့်ကျင်ရှုတ်ချ
DVB
·
July 28, 2022
စစ်ကောင်စီ၏ သေဒဏ်စီရင်မှုအပေါ် တရုတ်နှင့်ရုရှားအပါအဝင် ကုလလုံခြုံရေးကောင်စီ ဆန့်ကျင်ရှုတ်ချ
Donate to DVB

နိုင်ငံရေးအကျဉ်းသား ၄ ဦးကို မြန်မာစစ်ကောင်စီက သေဒဏ်စီရင်လိုက်တဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအားလုံးက ဇူလိုင် ၂၇ ရက်မှာ တညီတညွတ်တည်း ဆန့်ကျင် ရှုတ်ချလိုက်ပါတယ်။  

အဲဒီထုတ်ပြန်ချက်ကို  တရုတ်နဲ့ ရုရှားအပါအဝင် အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီတညွတ်တည်းထောက်ခံခဲ့တာဖြစ်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေကို အပြည့်အဝလေးစားလိုက်နာဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး၊ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ နယ်မြေပိုင်ဆိုင်မှုနဲ့ မြန်မာ စည်းလုံးညီညွတ်ရေးတို့မှာ ခိုင်ခိုင်မာမာ ကူညီထောက်ပံ့ပေးဖို့ သန္နိဋ္ဌာန်ချထားတယ်လို့လည်း  လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောထားထုတ်ပြန်ချက်ကို မြန်မာနိုင်ငံရဲ့ ကာလကြာ မဟာမိတ်ဟောင်းဖြစ်တဲ့ တရုတ်ကလည်း ကြိုဆိုလက်ခံတယ်လို့ ဆိုပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဒီသဘောထားထုတ်ပြန်ချက်ဟာ ဘယ်ဘက်ကပဲဖြစ်ဖြစ် အကြမ်းဖက်မှုအမျိုးမျိုး ကျူးလွန်တဲ့သူအားလုံးကို လုံခြုံရေးကောင်စီက ဆန့်ကျင်တယ်ဆိုတဲ့ သဘောကို အားလုံးသိရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ဘက်မလိုက်ရေးမူဝါဒကို ကိုင်စွဲပြီး တရုတ်ဘက်က  ပြောခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံအနှံ့ပေါ်ပေါက်လာတဲ့ တော်လှန်တိုက်ခိုက်မှုတွေ၊ ပြည်သူလူထုရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ တကမ္ဘာလုံးကိုယ်စား အာဆီယံက ဦးဆောင်ကာ ဆောင်ရွက်နေပေမဲ့ ဒီဆောင်ရွက်ချက်တွေကို တိုးမပေါက်အောင် စစ်ကောင်စီက တံခါးပိတ်ထားခဲ့ပြီးဖြစ်ပါတယ်။

အခုလိုသေဒဏ်စီရင်လိုက်တဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာ အာဆီယံက အလွန်စိတ်ပျက်ဖွယ်ရာ ရက်စက်ကောက်ကျစ်မှုဖြစ်တယ်လို့ ရှုတ်ချဝေဖန်ခဲ့ပြီး စစ်ကောင်စီနဲ့ အတိုက်အခံတွေကြား စေ့စပ်ပေးမယ့် ဆောင်ရွက်ချက်တွေကို ရပ်နားထားလိုက်တယ်လို့ ပြောပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ချက်မှာ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ဖို့၊ ပဋိပက္ခတွင်ပါဝင်တဲ့သက်ဆိုင်သူအားလုံး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံမှပဋိပက္ခတွင်ပါဝင်သောသူ အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့တို့ ပါဝင်ပါတယ်။ 

အာဆီယံသဘောတူညီချက်ပါ အချက်တွေကို အချိန်တနှစ်ကျော်ကြာလာပြီဖြစ်ပေမဲ့ စစ်ကောင်စီက တခုမှ  အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။

အာဆီယံရဲ့တောင်းဆိုချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း စစ်ကောင်စီကိုထပ်မံတိုက်တွန်းတာင်းဆိုကြောင်းနဲ့ သေဒဏ်စီရင်လိုက်တာဟာ အာဆီယံဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို အသိအမှတ်မပြု၊ လက်မခံတဲ့ သဘောပဲဆိုတဲ့ အာဆီယံအဖွဲ့ရဲ့ အမြင်ကိုလည်း လုံခြုံရေးကောင်စီက အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီတညွတ်တည်းထောက်ခံခဲ့တဲ့ အဲဒီထုတ်ပြန်ချက်မှာ အာဆီယံအဖွဲ့ အနေနဲ့ရော၊ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီကရော သေဒဏ်ပေးမှုကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာကလည်း သေဒဏ်စီရင်လိုက်တဲ့ လုပ်ရပ်ဟာ လူတစ်ယောက်ရဲ့ အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ အကာကအကွယ်ရပိုင်ခွင့်တွေကို အရှက်သိက္ခာမဲ့စွာ ဖောက်ဖျက်ကျူးလွန်ခဲ့တာပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နိုလင်းဟေဇာရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထပ်မံ အသားပေးဖော်ပြခဲ့ပြီး အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းနဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လာမယ့်သီတင်းတစ်ပတ် အတွင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးလည်း စတင်တော့မှာဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ စစ်အာဏာရှင်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက အကျဉ်းထောင်ထဲမှာ သေဒဏ်စီရင် ကွက်မျက်ခဲ့တာဖြစ်ပါတယ်။နှစ်ပေါင်းများစွာ သေဒဏ်စီရင်ခြင်းမရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ မိသားစုဝင်တွေကိုတောင် အသိမပေးဘဲ အခုလိုစီရင်လိုက်တာဟာ အားလုံးအတွက် အံ့အားသင့်စရာလည်း ဖြစ်ခဲ့ရပြီး အခုလိုသေဒဏ်ပေးမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုက်အဝန်းက ဆန့်ကျင်ကန့်ကွက် ရှုတ်ချထားပါတယ်။

Photo-UNSC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013