DVB Logo
Home
Lead Story
ရူးသွပ်ခြင်း နွံအိုင်အတွင်းက မအလ
DVB
·
July 28, 2022
ရူးသွပ်ခြင်း နွံအိုင်အတွင်းက မအလ
Donate to DVB

မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ ကြွေးကြော်သံနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အုပ်စုက မတရားအာဏာသိမ်းပြီးတဲ့နောက် ရွေးကောက်ပွဲ အနိုင်ရခေါင်းဆောင်တွေကို မတရားဖမ်းဆီး ထောင်သွင်း အကျဉ်းချထားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး မအလဟာ သူ့ကြွေးကြော်သံနဲ့အညီ မတရားတာ မှန်သမျှ အကုန်လုပ်တော့တာပဲ။

သူ့စကားအခံရှိပြီးသားမို့ “မလုပ်ရဲတာ ဘာမှမရှိဘူး၊ တရားခြင်း မတရားခြင်း မသိဘူး၊ နားမလည်ဘူး အကုန်လုပ်မှာ” မလုပ်လောက်ဘူးမထင်နဲ့ တကယ်လုပ်မှာ မတရားဖမ်းဆီး နှိပ်စက် သတ်ဖြတ်မယ်၊ ကျေးရွာတွေကို အကြမ်းဖက်မီးရှို့ဖျက်ဆီးမယ်၊ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ လုယက်ယူငင်မယ်၊ စစ်အုပ်စု အာဏာစသိမ်းတဲ့ချိန်ကနေ လုပ်လာခဲ့တာ ဒီနေ့အထိပါပဲ။ အာဏာသိမ်း စစ်ကောင်စီက သူတို့အုပ်စု မကျဆုံးသေးသရွေ့  လုပ်နေအုံးမှာ သူ့ကြွေးကြော်သံနဲ့ အညီပဲ။

အာဏာမသိမ်းခင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိမိတ်ပြစကားပြောခဲ့တယ် အာဏာမသိမ်းဘူးလို့ မဆိုလိုနိုင်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ လူသိရှင်ကြား ပြောခဲ့တယ်။ မကြာဘူး၊ ထသိမ်းပါလေရော အခုလည်း ကိုဂျင်မီတို့၊ ကိုဖြိုးဇေယျာသော်တို့ သေဒဏ်အမိန့်ချပြီးကြောင်း ဖွင့်ပြောလာတယ်။ အမှန်က အဲဒီအချိန်ပြောစကားက အသားလိုလို့ အရိုးတောင်းတာ။ သူ ဖြစ်စေချင်တာက နိုင်ငံတကာကနေ အဲဒီလိုတော့မလုပ်ပါနဲ့၊ ညှိနှိုင်းဆွေးနွေးအဖြေရှာပါဆိုပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ ရွေးကောက်ပွဲအနိုင်ရ ထိပ်ပိုင်းခေါင်းဆောင်တွေဆီက အဲဒီလို စကားသံထွက်စေချင်တာ။ ဒါပေမဲ့ လက်တွေ့ထွက်လာတဲ့ အသံက ရှုတ်ချပါတယ်၊ ကန့်ကွက်ပါတယ်ဆိုတဲ့ စကားအပြင် သူတို့လိုချင်တဲ့ အသံမဟုတ်တော့ မအလ မထူးဇာတ်ခင်းပြီလေ။ တကယ်လို့များ ညှိနှိုင်းဆွေးနွေးဖို့ ကမ်းလှမ်း တောင်းဆိုလာရင် ဒီနေ့ မြန်မာနိုင်ရဲ့ ပဋိပက္ခတွေ အကျပ်အတည်းတွေကြားက သူ့ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်မယ်လို့ မှန်းထားတာ။ အဲဒီမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တော့ဘူး။ စကားလည်း ကျွံ၊ လက်လည်း လွန်နေပြီ၊ လုပ်ကိုလုပ်ရတော့မယ် သေဒဏ်အမိန့်ကလည်း ချမှတ်ထားပြီးပြီ။ သူ့လက်အောက်က တရားစီရင်ရေး အုပ်ချုပ်ရေး ပြန်ကြားရေးတွေလည်း စကားအပို ဘာမှမပြောနိုင်တော့ဘူး။ အဘ ပြောတဲ့အတိုင်းပါပဲ၊ စီရင်ပြီးပါပြီ၊ ကျန်တာ သူတို့ဘာမှမသိပါဘူး။ ဒီစကားကလွဲလို့ သူတို့မှာ ပြောစရာစကား မရှိတော့ပါဘူး။ သူတို့မှာ မြှုပ်ကွက်ရှိနေတယ်။ မီဒီယာ စကားနဲ့ပြောရမယ်ဆိုရင် ‘ဘ-၆’ လုံး မကိုက်ညီတာ သွားတွေ့ရတယ်။ ဘယ်နေရာ၊ ဘယ်နေ့၊ ဘယ်အချိန် ဘယ်လိုနည်းနဲ့ စီရင်လိုက်ပါတယ်ဆိုတဲ့အချက် ပျောက်နေတယ်။

အကြမ်းဖက်ဥပဒေနဲ့ သေဒဏ်ပေးလိုက်ခြင်းရဲ့နောက်မှာ တန်ပြန်သက်ရောက်မှုတွေ ရှိလာမယ် ဆိုတာ သူတို့ ကြိုတွက်ထားပါလိမ့်မယ်။ သူတို့စစ်အုပ်စုအများစုဟာ မဟုတ်မဟတ် ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံသုံးတဲ့နေရာမှာ အတော်ထူးချွန်ကြတယ်။ ဂျပိုးကို လိပ်ဖြစ်အောင်လည်း ပြောဆိုတတ်ကြတယ်။ ဘယ်လိုလုပ်ဇာတ်ခင်းလာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ စီရင်ပြီးပါပြီလို့ ကြေညာလိုက်တာနဲ့ ပြည်သူတွေ ဒေါသဖြစ်ကြမယ်၊ ပေါက်ကွဲကြမယ်၊ အုံကြွကြမယ်၊ လူထုအားကောင်းရင် အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်လာနိုင်မယ်။ ဒါကို သူတို့ ကြိုတွက်မှာအမှန်ပဲ။ ဒီနေရာမှာ အရမ်းလေးစားဖို့ကောင်းတာက ကိုဖြိုးဇေယျာသော်ရဲ့ မိခင်နဲ့ မနီလာသိန်းတို့ပါပဲ။ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရား သတ်ဖြတ်မှုကို တည်ငြိမ်စွာ ကျော်ဖြတ်ပြလိုက်တယ်။ သူတို့ငိုရင် ပြည်သူငိုမယ်၊ သူတို့ပူရင် ပြည်သူလူထု လိုက်ပူလိမ့်မယ်၊ သူတို့ တည်ငြိမ်ပြလိုက်တော့ ပြည်သူလူထု တည်ငြိမ်စွာ တော်လှန်အနိုင်ယူဖို့ အားစိုက်ကြလိမ့်မယ်။ အဲဒီမှာ စစ်အုပ်စု ငုတ်တုတ်မေ့သွားတယ်။ ပြည်သူ တည်ငြိမ်လေ စစ်အုပ်စု ကြောက်လေပဲ။ ဆရာနေဇော်နိုင် ပြောတဲ့စကားလေးနဲ့ ပြောရရင် ပြည်သူလူထုက အငြိုးအတေးနဲ့ အတိုးပေးမှာ သူတို့ သိပ်ကြောက်နေတယ်။

အခုဆို တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့တွေ တော်လှန်ရေးအဖွဲ့တွေ အရပ်ဘက် အဖွဲ့အစည်းတွေ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံတကာခေါင်းဆောင်တွေ ယုတ်စွအဆုံး စစ်အုပ်စု အာဏာသိမ်းတာကို လက်ခံတဲ့ ပါတီတချို့ကအစ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းပေါင်းစုံ အသီးသီးက ထုတ်ပြန်ခဲ့ကြပြီ စစ်အုပ်စုကို အရင်ကထက် ပိုမိုတော်လှန်တိုက်ခိုက်ကြတော့မယ် ပြင်ဆင်နေကြပြီ။

တော်လှန်ရေးအတွက် အလှူငွေတွေလည်း အရင်ကထက် နှစ်ဆ လောက် မြင့်တက်နေပြီ။ ဒီတော်လှန်ရေး အမြန်ပြီးဖို့ ပိုအားစိုက်ထုတ်လာကြပါပြီ။ ရူးမိုက်စွာ နွံအိုင်အတွင်း ခုန်ဆင်းခဲ့တဲ့ မအလ လှုပ်လေ မြုပ်လေနဲ့ ဘယ်လိုနိဂုံးချုပ် အဆုံးသတ်မလဲ စောင့်ကြည်ကြပါစို့လို့ ပြောရင်း ... ။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013