
ယူကရိန်းရဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေကြောင့် ရုရှားနိုင်ငံမှာ လောင်စာဆီ ပြတ်လပ်မှုတချို့ ဖြစ်ပေါ်နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန် ၂၈ ရက်မှာ ဝန်ခံလိုက်ပါတယ်။
သမ္မတပူတင်က “ယေဘုယျပြောရရင် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ၊ အထူးသဖြင့် စွမ်းအင် အဆောက်အအုံတွေပေါ့၊ ကျုပ်တို့ရဲ့ အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်တာကြောင့် ပြဿနာရှိလာတာတော့ ထင်ရှားပါတယ်” လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။
လက်ရှိမှာ ပြတ်လပ်မှုတချို့ ရှိနေပေမဲ့ အရမ်းဆိုးရွားတဲ့အနေအထားတော့မဟုတ်ဘူးလို့ ပူတင်က ဖြည့်စွက်ပြောပါတယ်။
အခုချိန်မှာ အဓိကလုပ်ရမဲ့အလုပ်က လေကြောင်းရန်ကာကွယ်ရေးစနစ် မြှင့်တင်ဖို့နဲ့ ခရိုင်းမီးယားဒေသကို လောင်စာဆီရရှိရေး သေချာအောင်လုပ်ဖို့ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရုရှားက ကျူးကျော်သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် လောင်စာဆီနဲ့ လျှပ်စစ်မီး ပြတ်တောက်နေလို့ ဇွန် ၂၆ ရက်ကစပြီး အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။
တခြားတဖက်မှာလည်း ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ အခုလို တိုက်ခိုက်မှုတွေဟာ ရုရှားရဲ့ စစ်ရေးစွမ်းရည်ကို အားနည်းသွားစေမဲ့ စစ်ဆင်ရေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇွန် ၂၈ ရက်နေ့ကပဲ ရုရှားနိုင်ငံတောင်ပိုင်း ကရာစနိုဒါဒေသက ရေနံချက်စက်ရုံတခုကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် လူတယောက် သေဆုံးပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် နယ်စပ်နဲ့ ကီလိုမီတာ ၇၀၀ လောက်ဝေးတဲ့ ယာရိုဆလာဗယ်ဒေသက ရေနံချက်စက်ရုံကိုပါ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဇလန်းစကီးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း မော်စကိုမြို့ အရှေ့တောင်ပိုင်းက ရေနံချက်စက်ရုံတစ်ခု တိုက်ခိုက်ခံရလို့ မီးလောင်မှုကြီး ဖြစ်ပွားခဲ့ပါသေးတယ်။











