DVB Logo
Home
မြန်မာသတင်း
အသက် ၆၀ ကျော် မြန်မာအမျိုးသား ၁ ဦး ဘန်ကောက်တွင် ပျောက်ဆုံးသွားသဖြင့် ရှာဖွေနေ
DVB
·
June 6, 2026
Photo: မြန်မာပြည်ဖွားဂေါ်ရခါးလူငယ်အစည်းရုံး
Photo: မြန်မာပြည်ဖွားဂေါ်ရခါးလူငယ်အစည်းရုံး
Donate to DVB

သားသမီးတွေ စစ်မှုထမ်းရမှာ စိုးရိမ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့ကနေ ထိုင်းနိုင်ငံကို မိသားစုနဲ့အတူ တိမ်းရှောင်လာတဲ့ အသက် ၆၀ ကျော်အရွယ် ဦးရာယ်ဗဟာဒူးဟာ ထိုင်းနိုင်ငံကို ရောက်ပြီး ၃ ရက်အကြာမှာ ပျောက်ဆုံးသွားတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်ပူပန် ရှာဖွေနေကြ ပါတယ်။

ဦးရာယ်ဗဟာဒူးဟာ ဘန်ကောက်မြို့မှာ မေ ၂၉ ရက်က သူ့တူရဲ့ သမီးဖြစ်သူ မွေးနေ့ပွဲကို သွားဖို့ အိမ်က ထွက်အသွားမှာ ပျောက်သွားခဲ့တာပါ။

သူ့ရဲ့ တူဖြစ်သူရဲ့ နေအိမ်ကိုသွားဖို့ အိမ်ကနေ ကားအငှားဝန်ဆောင်မှုပေးတဲ့ ဖုန်းအက်ပလီ ကေးရှင်း တခုဖြစ်တဲ့ Bolt တက္ကဆီကို မြေးဖြစ်သူက ငှားရမ်းပေးလိုက်တာဖြစ်ပြီး သွားချင်တဲ့ နေရာနဲ့ Bolt တက္ကဆီချပေးတဲ့ နေရာလွဲမှားသွားပြီး ပျောက်ဆုံးသွားခဲ့တာလို့ သမီးဖြစ်သူက ပြောပါတယ်။

ပျောက်ဆုံးသွားသူရဲ့ သမီးဖြစ်သူ  အိန်ဂျယ်နားက “အဖေက ဆူကွန်ဝစ် soi 3 (လမ်းသွယ် ၃)  တူလေးနေတဲ့ အခန်းကို တူလေးရဲ့ သမီးလေး Birthday ဆိုပြီး ခေါ်ထားလို့ သူ့ရဲ့ အခန်းကနေ ၇ နာရီ ၁၈ မိနစ်မှာ ထွက်သွားတာ၊ သူ့ရဲ့မြေးလေးက တင်ပေးလိုက်တာ။ ဆူကွန်ဝစ် soi 2 မှာ သွားပြီးတော့ ချလိုက်တာ၊ ပြီးတော့ အဲ့ဒီ Bolt သမားနဲ့လည်း စကားပြောပြီးပြီ၊ သူကပြောတာတော့ soi 2 မှာ ချပေးလိုက်တယ်လို့တော့ ပြောတာပဲ၊ ဒါပေမဲ့ ဟုတ်လား၊ မဟုတ်လားတော့ ညီမတို့လည်း မသိဘူး၊ ညီမတို့လည်း CCTV စစ်လို့ မရသေးဘူး”လို့ ပြောပါတယ်။

ဦးရာယ်ဗဟာဒူးဟာ နေရာမှားပြီး ရောက်သွားတဲ့အတွက် သူ့ကိုကြိုမယ့်သူတွေနဲ့လွဲသွားပြီး ပျောက်သွားတာဖြစ်ပါတယ်။

စစ်မှုထမ်းရှောင်လာတဲ့ မိသားစုဝင်တွေနဲ့အတူ ထိုင်းကိုလာခဲ့တဲ့ ဦးရာယ်ဗဟာဒူးဟာ ထိုင်းမှာ နေထိုင်ဖို့ စာရွက်တမ်းအစုံအလင် မရှိသူလည်းဖြစ်တဲ့အတွက် ပျောက်သွားချိန်မှာ စာရွက်စာတမ်း အထောက်အထားလည်း မရှိသလို၊ ဖုန်းနဲ့ ပိုက်ဆံတွေလည်း မပါသွားဘူးလို့ သမီးဖြစ်သူက ပြောပါတယ်။ သူဟာ ဂေါ်ရခါးလူမျိုးတယောက်ဖြစ်ပြီး ထိုင်းစကားနဲ့ အင်္ဂလိပ်စကားလည်း မပြောတတ်ပါဘူး။

သမီးဖြစ်သူ  အိန်ဂျယ်နားက "အဖေပျောက်သွားတော့ ဘယ်လိုပြောရမလဲ၊ အရမ်းပဲ စိတ်ပူတာပေါ့။ ပြီးတော့ အဖေကလည်း ရဲတွေကို သိပ်မသိဘူး၊ ဆိုင်ကယ်သမားတွေကို မြင်တော့ ရဲဆိုပြီး ပြေးတယ်လို့ ကြားတယ်၊ တယောက်နှစ်ယောက်ကတော့ တွေ့လိုက်တယ်လို့ ပြောတယ်။”

အခုတော့ ပျောက်ဆုံးသွားတဲ့ ဦးရာယ်ဗဟာဒူးကို မြန်မာရွှေ့ပြောင်းလုပ်သားတွေက ဆိုင်ကယ်တွေနဲ့ ဝိုင်းဝန်းကူညီရှာဖွေပေးနေသလို မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးသူ တယောက်ကလည်း သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်ပြီး လိုက်လံ ကူညီဆောင်ရွက်ပေးနေ ပါတယ်။ 

မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူတယောက်က  “အဓိကတော့ ထိုင်း Mirror Foundation လို့ ခေါ်တာပေါ့နော်။ ဒီဘက်က လူပျောက်ရှာပေးတဲ့ အဖွဲ့အစည်းတွေ၊ လဝက ဌာနဆိုင်ရာတွေကို အဓိက အကြောင်းကြားပြီးတော့မှ လူပျောက်ဆုံးကြောင်း ပေးသိထားတယ်၊ ပြဿနာကလည်း သူ့မှာ ပတ်စ်ပို့ မရှိတဲ့အခါကျတော့ အခက်အခဲက ဘာလဲဆိုတော့ ရှာရပြုရတာ လူမှားသွားမလားဆိုပြီး အာဏာပိုင်တွေကလည်း နည်းနည်း စိုးရိမ်တာတွေ ရှိတာပေါ့နော်။ ပတ်စ်ပို့ လက်မှတ်ရှိတယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့နော်။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်၊ သူတို့လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်လို့ ကျနော်တို့နဲ့ စကားပြောဖြစ်ပါတယ်”လို့ ပြောပါတယ်။

Mirror Foundation နဲ့ မြန်မာပြည်ဖွားဂေါ်ရခါးလူငယ်အစည်းရုံးတို့က ပျောက်ဆုံးသွားတဲ့ ဦးရာယ်ဗဟာဒူးကို ကူညီရှာဖွေပေးနေကြပါတယ်။ 

လက်ရှိကာလဟာ ထိုင်းနိုင်ငံမှာ တရားမဝင်နဲ့ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေ၊ ရွှေ့ပြောင်း လုပ်သားတွေကို ၃ လ စီမံချက်နဲ့ စစ်ဆေးဖမ်းဆီးနေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကူညီဆောင်ရွက်ပေးသူတွေဟာ အထောက်အထား အစုံအလင် မရှိတဲ့ ဦးရာယ်ဗဟာဒူးကို ဖမ်းဆီးပြီး လဝက နဲ့ Thailand Immigration Detention Center (IDC immigration) တို့ကို ပို့လားဆိုတာ စုံစမ်းနေပါတယ်လို့လည်း သိရပါတယ်။

ဦးရာယ်ဗဟာဒူး (Ratan Suyal/ Ratan Bahadur)ဟာ မြန်မာနဲ့ ဂေါ်ရခါးဘာသာစကားသာ ပြောဆိုနိုင်ပြီး ဖုန်းနဲ့ ငွေကြေးလည်းမပါသွားတဲ့အတွက် တွေ့ရှိခဲ့ပါက  Rohit - 099-070-4270 ၊ Rema-080-518-6105 ၊ Sanny- 095-436-6448 ဖုန်နံပတ်တွေကို အမြန်ဆုံး ဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

မြတ်သဇင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013