DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ နှစ်ဖက်တပ်ဖွဲ့များ ဒဏ်ရာရ
DVB
·
July 27, 2022
မြိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ နှစ်ဖက်တပ်ဖွဲ့များ ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့တယ်လို့  Urban Underground Revolution Force (ရေစကြို) ပြန်ကြားရေးတာဝန်ခံ ဗိုလ် Kချစ်က ပြောပါတယ်။

တိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၃ ယောက် ဒဏ်ရာရပြီး   စစ်ကောင်စီဘက်ကတော့ ၇ ယောက်လောက်  ထိခိုက်ဒဏ်ရာရ သေဆုံးတာရှိနိုင်တယ်လို့ ပြောပေမဲ့ အရေအတွက်အတိအကျတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။ 

“ပခုက္ကူမြို့နယ်မြောက်ပိုင်းနဲ့ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးဖို့လာတဲ့ စစ်(...)အ င်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းကို ဇူလိုင်လ ၂၆ ရက် နေ့လယ် ၁၂ နာရီလောက် မကျီးစုရွာနဲ့ ကျောက်ဆောက်ရွာကြားက လေညှင်းတောင်နားမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်(...)ဘက်က ၇ ယောက်လောက် ဒဏ်ရာရရှိကာ သေဆုံးသူရှိနိုင်တယ်။”လို့  ဗိုလ် Kချစ်ကပြောပါတယ်။

တိုက်ပွဲစစချင်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၆၀ မမတွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်ဘက်က ဖောကား ၂ စီးနဲ့ အင်အားထပ်ဖြည့်ပြီး လက်နက်ကြီးပစ်တဲ့နေရာတွေကို စက်လတ်တွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ လက်နက်ကြီးတွေကို ထားခဲ့ပြီး ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ဗိုလ်Kချစ်က “လက်နက်ကြီး ၄ လုံးလောက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာတဲ့နေရာမှာလည်း တော်လှန်ရေးရဲဘော် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်။ တယောက်က လည်ပင်းကို လက်နက်ကြီးစမှန်တယ်။ တယောက်က ခါးဖောက်မှန်တယ်။ နောက်တယောက်ကတော့ ခြေထောက်မှာ အနည်းငယ် ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာရရဲဘော်တွေကို ဆေးကုသနိုင်ဖို့ မကျီးစုရွာက ဆေးခန်းကို သွားရောက်ခဲ့ပေမဲ့ စစ်(...)တွေလိုက်လာလို့ ဆေးမကုခဲ့ရဘဲ ဆုတ်ခွာခဲ့ရတယ်။ အဲဒီစစ်(...)တွေဟာ ဆေးခန်းကနေ စလို့ မကျီးစုကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး နေအိမ်ဘယ်လောက် မီးလောင်ဆုံးရှုံးခဲ့တယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကို UURF(ရေစကြို)၊ PUGF၊ MRGF၊ ဂျိုင်းကြားလက်နက်ကြီးတပ်ဖွဲ့၊ နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ ငဘ လက်နက်ကြီးတပ်ဖွဲ့၊ ဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့၊ Earthquake PDF၊ PKU N PDF၊ King Cobra၊ ရေစကြို-PDF၊ RSO(PKU)၊ ရွှေညာမြေPDF၊ YRG နဲ့ ရေစကြိုတောင်ပိုင်း PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013