DVB Logo
Home
မြန်မာသတင်း
ခြေကျင်လမ်းလျှောက်သူများ လိုက်နာရမည့်စည်းကမ်း စစ်ကောင်စီထုတ်ပြန်သည့်အပေါ် ပြည်သူများ ဝေဖန်
DVB
·
July 27, 2022
ခြေကျင်လမ်းလျှောက်သူများ လိုက်နာရမည့်စည်းကမ်း စစ်ကောင်စီထုတ်ပြန်သည့်အပေါ် ပြည်သူများ ဝေဖန်
Donate to DVB

ရင်ပေါင်တန်းပြီး လမ်းမလျှောက်ကြဖို့အပါအဝင် ခြေကျင်လမ်းလျှောက်သူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို စစ်ကောင်စီ လက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက နေ့စဉ် သတင်းစာတွေကနေ ကြေညာထားပါတယ်။

ခြေကျင်လျှောက်သူတွေဟာ လူသွားစင်္ကြံ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ လူသွားလမ်းကနေ သွားရမယ်၊ သာမန်အားဖြင့် မော်တော်ယာဉ်သွားလမ်းပေါ်က ဆင်းမသွားရ၊ လူသွားလမ်း မရှိရင်တော့ လမ်းရဲ့ လက်ဝဲဘက်ကနေ ယာဉ်ကြောကိုမျက်နှာမူပြီး ဘေးကပ်လျှောက်ရမယ်လို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ဒီလို စည်းကမ်းသတ်မှတ်လိုက်တဲ့ အပေါ်မှာတော့ ပြည်သူကို ရန်သူလို သဘောထား အကြမ်းဖက်နေတဲ့ စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့ စည်းကမ်းတွေဖြစ်လို့ ပြည်သူတွေက ဝေဖန်နေကြပါတယ်။

ရန်ကုန်ဒေသခံအမျိုးသမီးတယောက်က “အတော် ကိုးရိုးကားရားနိုင်တဲ့ ထုတ်ပြန်ချက်ပဲ။ ယာဥ်တိုက်မှုဖြစ်ရင်တောင် ဒီအချက်တွေကြောင့် ပြစ်ဒဏ်လျော့နိုင်တယ်။ ယာဥ်စည်းကမ်းကိုတောင် အတိအကျ မကိုင်တွယ်နိုင်သေးတာကို ဒါကြီးက အဆင်မပြေဘူးလေ။ လူသွားစင်္ကြံက အထင်ကရနေရာပဲ ရှိတယ်။ လမ်းပေါ် ကားရပ်ထားတာတွေနဲ့ လမ်းလျှောက်ရင် လူက ကားလမ်းအလယ်ရောက်နေပြီး မရောင်ရာဆီလူးနေတာ။ ယာဥ်စည်းကမ်းသာ နိုင်အောင်ထိန်းပါဦးလို့ပဲ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

ဒီစည်းကမ်းထုတ်ပြန်ချက်ဟာ ဘယ်မြို့တွေအတွက်လည်းဆိုတာကိုတော့ ရည်ညွှန်း  ဖော်ပြထားတာ မရှိပါဘူး။

တကယ်တော့ ဒါဟာ နည်းဥပဒေမှာပါတဲ့ သတ်မှတ်ချက်တွေလို့ ဆိုထားပြီး စစ်ကောင်စီက အခုအချိန်မှာ ဘာလို့ ကြေညာတယ်ဆိုတာကတော့ မသိရပါဘူး။

ရန်ကုန်မြို့နေ အမျိုးသားတယောက်ကတော့ ယာဉ်စီးသူဖြစ်ဖြစ်၊ လမ်းလျှောက်သူဖြစ်ဖြစ် သက်ဆိုင်ရာ စည်းကမ်းတွေကို လိုက်နာသင့်တယ်လို့ ဆိုပါတယ်။

“ခြေကျင်လျှောက်သူတွေ လိုက်နာရမယ့် အချက်တွေအပြင် စက်ဘီးစီးသူ၊ ဆိုင်ကယ်စီးသူ၊ ကားမောင်းသူ အစရှိသဖြင့် နေရာတိုင်းမှာ သူ့စည်းကမ်းချက်တွေ ရှိကြပါတယ်။ ဒါတွေကလည်း စနစ်တကျဖြစ်နေရဲ့လား ဆိုတာကို အရင်စိစစ်ဖို့ လိုပါတယ်။ ဆိုင်ကယ်တွေ မစီးရတဲ့ နေရာမှာ ဆိုင်ကယ်စီးတာတွေ လမ်းပြောင်းပြန်မောင်းတာတွေ မီးနီဖြတ်တာတွေလည်း ရှိနေကြတာကို မြင်တွေ့နေကြရတာပဲ။ အဲတော့ လမ်းလျှောက်သူတွေအတွက် လမ်းလျှောက်လို့ရတဲ့ လူသွားလမ်းတွေ ကားလမ်းဖြတ်ကူးတဲ့ မျဥ်းဝါကြားတွေ လမ်းလျှောက်ရသူတွေအဆင်ပြေစေမယ့် အရာတွေကို တာဝန်ရှိသူတွေက လုပ်ဆောင်ပေးဖို့လိုပါတယ်။ ဒီနေရာမှာ Wheels Chair နဲ့ သွားလာရတဲ့ မသန်စွမ်းသူတွေအတွက်ပါ လမ်းလျှောက်ဖို့ လမ်းဖြတ်ကူးဖို့ အတွက် ထည့်သွင်းစဥ်းစားတာမျိုးတွေလုပ်ပေးဖို့ လိုပါတယ်။ လမ်းလျှောက်ရသူတွေတင်မဟုတ်ဘဲ ယာဥ်အမျိုးမျိုးကို မောင်းနှင်အသုံးရသူတွေအနေနဲ့ သက်ဆိုင်ရာ စည်းကမ်းချက်တွေ လိုက်နာဖို့လိုအပ်တဲ့ စည်းမျဥ်းတွေကို လိုက်နာဖို့လိုအပ်ပါတယ်" လို့ ပြောပါတယ်။

ခြေကျင်လမ်းလျှောက်သူဟာ လမ်းမပိတ်ဆို့ရ၊ ရင်ပေါင်တန်းပြီး လမ်းမလျှောက်ရ၊ ညဘက် မီးအလင်းရောင်အောက်မှာ မြင်သာတဲ့ အဝတ်အစား သို့မဟုတ် ရောင်ပြန်ပါတဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့လည်း စစ်ကောင်စီက စည်းကမ်းသတ်မှတ်ထားပါတယ်။

ဒါ့အပြင် ခြေကျင်လမ်းလျှောက်သူဟာ လမ်းဖြတ်ကူးလိုပါက သတ်မှတ် မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျား စတဲ့ ခွင့်ပြုနေရာကသာ ဖြတ်ကူးရမယ်လို့လည်း  လိုက်နာရမယ့် အချက်တွေထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အခုလို စည်းကမ်းသတ်မှတ် ထုတ်ပြန်ကြေညာထားပေမဲ့ ပြည်သူတွေအကြား အဆိုပါ စည်းကမ်းအတိုင်း လိုက်ပြီး လမ်းလျှောက်ကြတာတော့ မတွေ့ရပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013