DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၁ နှစ်ခွဲအတွင်း စစ်တပ်က ပြည်သူ ၂၁၂၃ ဦးကို ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ပေါင်း ၁၄၈၈၃ ဦးရှိ
DVB
·
July 27, 2022
အာဏာသိမ်း ၁ နှစ်ခွဲအတွင်း စစ်တပ်က ပြည်သူ ၂၁၂၃ ဦးကို ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ပေါင်း ၁၄၈၈၃ ဦးရှိ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၂၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၈၈၃ ယောက် ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၇၉၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၆၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ အရပ်သား ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့မနက် ၈ နာရီလောက်က မြစ်ခြေမြို့မှ ကိုဇာနည်ထွန်း ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) လို့ စွပ်စွဲပြီး မြစ်ခြေ-စဘေကားလမ်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပခုက္ကူ-ရေစကြိုကားလမ်းဘေးမှာ နေထိုင်တဲ့ ကိုသက်ဇော်ဦး(ခ) ကိုသက်ကိုလည်း PDF တွေကို ငွေကြေး ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ပခုက္ကူမြို့ အမှတ် ၆ ရက်ကွက်မှာလည်း ခရီးသွားပြည်သူ ကိုဇော်မျိုးထွဋ်ရဲ့ လက်ကိုင်ဖုန်းကို ပေါက်ရွှေပြည်ခရီးသည်တင်ယာဉ်ပေါ်မှာ စစ်ဆေးပြီး မမှန်သတင်းတွေ ရေးသားဖြန့်ဝေတယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013