DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်မည်ဟု ချင်းတော်လှန်ရေး ၁၈ ဖွဲ့ ထုတ်ပြန်
DVB
·
July 27, 2022
အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်မည်ဟု ချင်းတော်လှန်ရေး ၁၈ ဖွဲ့ ထုတ်ပြန်
Donate to DVB

တော်လှန်ရေးညီအစ်ကိုတွေဖြစ်ကြတဲ့ ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ကွပ်မျက်ခဲ့တဲ့အပေါ် Chinland Joint Defense Committee က အပြင်းအထန်ရှုတ်ချပြီး  အာဏာလုအကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ သဘောထားထုတ်ပြန်ပါတယ်။

Chinland Joint Defense Committee ဟာ ချင်းပြည်ထောင်အတွင်းက ချင်းအမျိုးသားတပ်ဦးအပါအဝင် မြို့နယ်/ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါင်း ၁၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီ ဖြစ်ကာ နိုင်ငံတကာဥပဒေတွေကို တစိုက်မတ်မတ် လိုက်နာကျင့်သုံးခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက်ပိုင်းက စတင်ကာ ချင်းပြည်ထောင်အတွင်း စစ်ရာဇဝတ်မှု (War Crime) နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) တွေကို အကြိမ်ကြိမ်ကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရကလည်း မြန်မာ့ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူတွေဖြစ်ကြတဲ့ ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ပြစ်ဒဏ်စီရင်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေအားလုံးရဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိနေတဲ့ လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး စုစည်း ညီညွတ်စွာနဲ့ စနစ်တကျ တုံ့ပြန်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေအကြောင်းကို အရေးပေါ် အစည်းအဝေးခေါ်ယူဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ရုံသာမကပဲ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်တွေကို သွေးအေးစွာ သတ်ဖြတ်ပြခြင်းဖြင့် အဆုံးစွန်ဆုံးသော ရက်စက်မှုကို ပြသခဲ့တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရားဥပဒေအရ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ရေးကိုလည်း NUG အစိုးရက လုပ်ဆောင်သွားမယ်လို့ ဆိုပါ တယ်။

ဇူလိုင် ၂၅ ရက်နေ့မှာ စစ်ကောင်စီသတင်းစာတွေကနေ ကွပ်မျက်မှုကို အတည်ပြု သတင်းထုတ်ပြန်လိုက်ပြီးနောက် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ကန့်ကွက် ရှုတ်ချခဲ့ကြပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုအဖြစ် ထုတ်ပြန်ခဲ့ ကြပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို စစ်ကောင်စီက ပြန်လည်တုံ့ပြန်တာမရှိသေးပါဘူး။

မြန်မာစစ်တပ်က ရွာတွေကို ဗုံးကြဲတာတွေ၊ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးတာတွေကို မြန်မာနိုင်ငံအနှံ့မှာ ဆက်တိုက်လုပ်နေသလို သေဒဏ်ပေးခံထားရသူပေါင်း ၁၀၀ ကျော်ကိုလည်း ဆက်ပြီး ကွပ်မျက်သွား မယ့် အလားအလာတွေရှိနေတာကြောင့် စိုးရိမ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၂၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၈၈၃ ယောက် ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိနေတယ်လို့လည်း အေအေပီပီထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013