DVB Logo
Home
မြန်မာသတင်း
အလုပ်သမားကတ်မရှိသည့် ထိုင်းရောက် မြန်မာလုပ်သားများ လုပ်အားခ သတ်မှတ်နှုန်းမရ
DVB
·
July 26, 2022
အလုပ်သမားကတ်မရှိသည့် ထိုင်းရောက် မြန်မာလုပ်သားများ လုပ်အားခ သတ်မှတ်နှုန်းမရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းက မြို့တွေမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားဝင်အလုပ်သမားကတ်မရှိတဲ့အတွက် ထိုင်းအစိုးရက သတ်မှတ်ပေးထားတဲ့  အနိမ့်ဆုံး သတ်မှတ်လုပ်အားခ မရဘဲ ဖြစ်နေကြတယ်လို့ အလုပ်သမား အသိုက်အဝန်းကနေ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၀ ဇန်နဝါရီ ၁ ရက်ကစပြီး အနိမ့်ဆုံးလုပ်အားခကို  မဲဆောက်အပါအဝင် တာ့ခ်ခရိုင် ၉ မြို့နယ်မှာ တစ်နေ့လုပ်အားခ ၃၁၂ ဘတ် သတ်မှတ်ထားတာဖြစ်ပေမဲ့  အလုပ်သမား ကတ်မရှိတဲ့ မြန်မာအလုပ်သမားတွေအများစုကတော့ လုပ်အားခ အပြည့်မရကြပါဘူးလို့  မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။  

မဲဆောက်မြို့ရှိ ဖိနပ်စက်ရုံမှာ လုပ်လုပ်နေတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတဦးက“ အလုပ်လုပ်ရတာတော့ ပင်ပန်းတယ်။ တစ်နေ့ကို ဘတ်၂၀၀ နဲ့ လုပ်ရတယ်။ တရားဝင်ပတ်စပို့ ရှိတဲ့အလုပ်သမားတွေကိုတော့ ၃၁၅ ဘတ်ပေးတယ်။  တရားဝင် ကတ်မရှိတဲ့ ပတ်စ်ပို့မရှိတဲ့သူတွေကော့ တစ်နေ့ကိုဘတ် ၂၀၀ ပဲရတယ်။ အလုပ်လုပ်ရတာကတော့ ခိုင်းတာတော့ အကုန်အတူတူပါဘဲ။ ကိုယ့်မှာ ကတ်မရှိလို့ ၂၀၀ ပေးတာ။” လို့ ပြောပါတယ်။

အလုပ်သမားကတ်ရှိတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်အားခ ဘတ် ၃၀၀ ရနိုင်တယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေတွက် ပန်းရောင်ကတ် လျှောက်ထားမှုလုပ်ငန်းစဥ်ကို ဝန်ဆောင်မှုပေးနေတဲ့ ကိုချာလီက  ပြောပါတယ်။

“ထိုင်းနိုင်ငံသားမှန်ရင်လည်း အခွန်ဆောင်ပြီးနေရတယ်၊ ကျနော်တို့ မြန်မာနိင်ငံသားတွေလည်း အခွန်ဆောင်ပြီး ဒီနိုင်ငံမှာ တရားဝင်နေရင် ဘယ်သွားသွား အဖမ်းအဆီးဆိုတာ မရှိစေရဘူး၊ တရားဝင်နေပြီး အလုပ်လုပ်ရင် အခုအလုပ်လုပ်နေတဲ့ ၃ ရက်စာလောက်(ကို တစ်ရက်နဲ့) ရတယ်။ တရားဝင်နေရင် တစ်ရက်ဘတ် သုံးရာလောက်ရတယ်၊ အခုက တစ်ရာ တစ်ရာ့ငါးဆယ်ပဲ ရနေကြတယ်။”

ထိုင်းနိုင်ငံမှာ တရားဝင် စာရွက်စာတမ်းမရှိသူတွေကို ထိုင်းအလုပ်ရှင်တွေက အလုပ်မခန့်လိုတာ၊ ခန့်ထားတဲ့အခါမှာလည်း  လုပ်အားခ နေ့ကြေး အပြည့်အဝမပေးတာ၊ အချိန်ပိုကြေးမရတာနဲ့ လုပ်အားခေါင်းပုံဖြတ်တာတွေနဲ့လည်းရှိတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ 

မြန်မာအပါအ၀င် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိင်ငံတို့မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ရောက်ရှိနေသူတွေအတွက် အွန်လိုင်းမှတဆင့် အမည်စာရင်း တင်သွင်းတာကို သြဂုတ် ၁ ရက်က စတင်ကာ ဆောင်ရွက်ပေးသွားမယ်လို့  ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့ ချိုတစ်စထီးယန်းက သတင်းထုတ်ပြန်ပြောကြားထားပါတယ်။

လက်ရှိမှာလည်း ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို  ထိုင်းအာဏာပိုင်တွေက ပန်းရောင်ကတ် တွေ လုပ်ပေးနေတာလည်း ရှိပါတယ်။

မကြာသေးခင်က ဖုတ်ဖမြို့နယ်မှာ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအတွက် ပန်းရောင်ကတ် လျှောက်ထားမှုလုပ်ငန်းစဥ် ပညာပေးရှင်းလင်းပွဲကျင်းပခဲ့ရာမှာ ထိုင်းနိုင်ငံ စစ်ဘက် အရပ်ဘက်မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး လာရောက်တဲ့ အလုပ်သမားတွေကို  ဆန်၊ ဆီ တွေလည်း ဝေငှပေးခဲ့ပါတယ်။

အခုနှစ်မှာ ပန်းရောင်အလုပ်သမားကတ်ပြုလုပ်မယ့်  မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံမှ တရားမဝင် အလုပ်သမားဦးရေ  နှစ်သိန်းအထိ ရှိမယ်လို့  ထိုင်းနိုင်ငံ တာဝန်ရှိသူတွေက  ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013