DVB Logo
Home
မြန်မာသတင်း
အရေးပေါ်အစည်းအဝေး NUG ခေါ်ယူ၊ တော်လှန်ရေးအရှိန်မြှင့်သွားမည်ဟု ကြေညာ
DVB
·
July 26, 2022
အရေးပေါ်အစည်းအဝေး NUG ခေါ်ယူ၊ တော်လှန်ရေးအရှိန်မြှင့်သွားမည်ဟု ကြေညာ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပုံမှန်ကျင်းပနေကျ အစိုးရအဖွဲ့အစည်းအဝေးကို ရပ်နားကာ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့နဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး မိတ်ဖက်မဟာမိတ်အင်အားစုတွေအားလုံး ပူးပေါင်းကာ နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်း၊ စစ်ရေးနည်းလမ်း စတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူတွေဖြစ်ကြတဲ့ ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ပြစ်ဒဏ်စီရင်ပြီးနောက်  ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေအားလုံးရဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိနေတဲ့ လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး စုစည်းညီညွတ်စွာနဲ့ စနစ်တကျ တုံ့ပြန်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေအကြောင်းကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ အစိုးရရဲ့ ကြေညာချက်တွေ၊ အစည်းအဝေးတွေရဲ့ နောက်မှာ တိကျခိုင်မာတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အသေအချာကို တွဲပါလာမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ရုံသာမကပဲ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်တွေကို သွေးအေးစွာ သတ်ဖြတ်ပြခြင်းဖြင့် အဆုံးစွန်ဆုံးသော ရက်စက်မှုကို ပြသခဲ့တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရားဥပဒေအရ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ရေးကိုလည်း NUG အစိုးရက လုပ်ဆောင်သွားမယ်လို့ ဆိုပါ တယ်။

ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီသတင်းစာတွေကနေ ကွပ်မျက်မှုကို အတည်ပြု သတင်းထုတ်ပြန်လိုက်ပြီးနောက် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ကန့်ကွက်ရှုတ်ချခဲ့ကြပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုအဖြစ် ထုတ်ပြန်ခဲ့ ကြပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို စစ်ကောင်စီက ပြန်လည်တုံ့ပြန်တာမရှိသေးပါဘူး။ 

မြန်မာစစ်တပ်က ရွာတွေကို ဗုံးကြဲတာတွေ၊ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးတာတွေကို မြန်မာနိုင်ငံအနှံ့မှာ ဆက်တိုက်လုပ်နေသလို သေဒဏ်ပေးခံထားရသူပေါင်း ၁၀၀ ကျော်ကိုလည်း ဆက်ပြီးကွပ်မျက်သွားမယ့် အလားအလာတွေရှိနေတာကြောင့် စိုးရိမ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၁၂၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း အယောက် ၁၄,၈၇၀ ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိနေတယ်လို့လည်း အေအေပီပီထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013