DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အေအေနှင့်ပတ်သက်သူများကို စစ်တပ်က စီးနင်းရှာဖွေနေ၊ စနဲမြို့က ပြည်သူ ၁၄ ဦး ဖမ်းဆီးခံရ
DVB
·
July 26, 2022
မောင်တောတွင် အေအေနှင့်ပတ်သက်သူများကို စစ်တပ်က စီးနင်းရှာဖွေနေ၊ စနဲမြို့က ပြည်သူ ၁၄ ဦး ဖမ်းဆီးခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာတွေမှာ အေအေ နဲ့ ပတ်သက်သူတွေကို စစ်ကောင်စီတပ်က ရှောင်တခင်ဝင်ရောက်စီးနင်းရှာဖွေနေတာကြောင့် ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။

ဝေသာလီကျေးရွာသားတဦးက "မနေ့က ည ၁၀ နာရီလောက်မှာ တရွာလုံးကို လျှပ်စစ်မီးဖြတ်လိုက်ပြီး သူတို့ မသင်္ကာတဲ့ နေအိမ်တွေကို ရှောင်တခင်စစ်ဆေးခဲ့တယ်။ ဖမ်းဆီးသွားတဲ့သူတေ့ာမရှိဘူး။ ပတ်သက်သူတွေကတော့ အစကတည်းက ထွက်ပြေးနေကြပြီ” လို့ ပြောပါတယ်။

ဇူလိုင် ၁၈ ရက်နေ့က ရက္ခိုင့်တပ်တော် (အေအေ) က စစ်ကောင်စီတပ်ကားတစီးအား မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီး  မိုင်းခွဲတိုက်ခိုက်မူများအပြီး မောင်တော မြို့နယ်မြောက်ပိုင်းမှ ကျေးရွာတွေနဲ့ မြို့ပေါ်အနီးရပ်ကွက်၊ ကျေးရွာတွေကို စစ်ကောင်စီက အခုလို စီးနှင်းရှာဖွေနေကြတာပါ။

မောင်တောမြို့နယ် ငွေတောင်ကျေးရွာသားတဦးက “ငွေတောင် နဲ့ သာယာကုန်းကျေးရွာကြားမှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝတ်နေကြတာရှိတယ်။ ​ကျေးရွာတွေကို ဝင်ရောက်စီးနှင်းရှားဖွေမှုတွေ လုပ်သွားမယ်လို့တော့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အေအေ နဲ့ ပတ်သက်တွေကို လူစာရင်း‌နဲ့တကွ ဖမ်းဆီးဖို့ ညွှန်ကြားထားတဲ့ သတင်းတွေကြောင့် မောင်တောမြို့နဲ့ ကျေးရွာတွေရှိ အေအေရဲ့ ပြည်သူအာဏာပိုင်အဖွဲ့တွေ အပါအဝင် တာဝန်ခံအရာရှိတွေပါ ထွက်ပြေးတိမ်းရှောင်နေကြရကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ် စနဲ့မြို့စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို ဇူလိုင်လ ၂၄  ရက်နေ့မနက်ပိုင်းက အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက အသက်မပြည့်သေးတဲ့ ကလေးတဦးအပါဝင် ဒေသခံ ၁၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံထားရသူ ၁၄ ဦးအနက် ၇ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အသက်မပြည့်သေးတဲ့ ကလေးအပါဝင် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စနဲ့မြို့မ ရဲစခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတာကြောင့် စျေးတွေနဲ့ စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ စနဲ့မြို့ခံတဦးက ပြောပါတယ်။

“စစ်ကောင်စီက မြို့ထဲမှာ လုံခြုံရေးတွေချထားတော့ ဘယ်သူမှ မသွားရဲကြဘူး။ လမ်းတွေမှာလည်း သွားလာနေတာမရှိဘူး။ စျေးတွေ ကျောင်းတွေရော ပိတ်ထားကြတယ်” လို့ ပြောပါတယ်။

စနဲ့မြို့ ရဲစခန်းမှူး ရဲအုပ်ကျော်ဇင်းဝင်းဟာ ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းက စျေးဝယ်နေစဉ့်မှာ အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦးကို အေအေက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက အရပ်သား ၁၀၀ နီးပါးဖမ်းဆီးခဲ့ပါတယ်။

အဲဒီအထဲက တချို့ကို ပြန်လွှတ်ပေးခဲ့ပြီး မြို့နယ် ၄ ခုက အရပ်သားအယောက် ၃၀ ကို ပုဒ်မ ၅၀၅ အပါအဝင် ပုဒ်မတချို့တပ်ကာ တရားစွဲဆိုထားပါတယ်။

ဇူလိုင် ၁၇ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေနဲ့ သူရဲ့ယာဥ်မောင်းကို အေအေက ဖမ်းဆီးခဲ့ပြီး စစ်ဖက်ဆိုင်ရာနဲ့ ပတ်သက်မှုမရှိဘူးဆိုပြီး ဇူလိုင် ၂၃ ရက်နေ့က ပြန်လည်လွတ်ပေးခဲ့ပါတယ်။

ဇွန်လကတည်းက ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းကြောင်းတွေကို လုံခြုံရေး တင်းကျပ်ထားတာကြောင့် ရခိုင်ပြည်နယ်မှာ ပြည်သူတွေ ခရီးသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုတွေ အခက်အခဲ ဖြစ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013