DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၁ နှစ်ခွဲအကြာ စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ပေါင်း ၂၁၂၀ ထိ ရှိလာ
DVB
·
July 26, 2022
အာဏာသိမ်း ၁ နှစ်ခွဲအကြာ စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ပေါင်း ၂၁၂၀ ထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၁၂၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း အယောက် ၁၄,၈၇၀ ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၇၈၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၄၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၆၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ ကိုဇော်မင်းသူဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ဇူလိုင် ၂၂ ရက်က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ကိုဇော်မင်းသူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရတာလို့ အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၆ ရက်မနက် ၉ နာရီဝန်းကျင်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၂၂ ရပ်ကွက်  ရာအိမ်မှူး ခင်မောင်သန်းက လမ်းထိပ်မှာ ကြိုတင်စောင့်ဆိုင်းပြီး အရပ်သားတယောက်ဖြစ်သူ ကိုအောင်မင်းထွေး (ခ) အောင်မြင့်ထွေးကို အကြောင်းမဲ့ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ ကိုအောင်မင်းထွေးကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီးဆီ  ပို့ဆောင် ကုသခဲ့ပေမယ့် မနက် ၁၁ နာရီ ၄၅ မိနစ် အချိန်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဆရာဝန်ရဲ့ ဆေးစာမှာတော့ အတွင်းကြေဒဏ်ရာတွေနဲ့ သေဆုံးရတာလို့ ရေးသားထားတယ်လို့ ဖော်ပြပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013