Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်တပ်က ရွာမီးရှို့ဖျက်ဆီး၊ ပြည်သူ ၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်
DVB
·
July 25, 2022
295417076_180283047791453_5887397227097267342_n
294228752_180283071124784_1000606789560693790_n
295624292_180283134458111_2168243021917951481_n

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇူလိုင် ၂၃ ရက် မနက်ပိုင်းကနေ ဇူလိုင်  ၂၄ ရက်နေ့အထိ စစ်ကောင်စီ တပ်စစ်ကြောင်း ဝင်ရောက်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ စိတ်ဝေဒနာရှင် အမျိုးသားတယောက်ကို မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ် မြောက်ပိုင်းက ကျောက်ကန်ကျေးရွာကို ဇူလိုင် ၂၃ ရက် မနက် ၈နာရီလောက်မှာ စစ်ကောင်စီတပ်အင်အား ၁၅၀ လောက်ပါ စစ်ကြောင်း ၃ ကြောင်းခွဲ ဝင်ရောက်လာပြီး  နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို စိတ်မနှံတဲ့ အမျိုးသား တစ်ယောက်ကို မီးရှို့ သတ်ဖြတ်ခဲ့တာလို့  ကျောက်ကန်ရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

“အဲဒီစစ်(...)တွေဟာ ဘုန်းကြီးကျောင်းထဲမှာ ကျန်ခဲ့တဲ့သူတွေကိုတော့ ဘုန်းကြီးကတောင်းပန်လို့ ဘာမှဒုက္ခမပေးခဲ့ဘူး။ ရွာထဲမှာ ကျန်ခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် စိတ်ဝေဒနာရှင် ကိုဝင်းမြိုင်ကို လက်ကောက်ဝတ်နှစ်ဖက်ကို ဓားနဲ့ဖြတ်၊ ခါးကိုလည်း ဓားနဲ့ခုတ်ပြီး ခုတင်ပေါ်မှာ နောက် ပြန်ကြိုးတုတ်ပြီး ဟွန်ဒါရေစုပ်စက်ထဲက ဓာတ်ဆီတွေ ဖောက်ထုတ်ပြီး မသေမချင်း မီးရှို့ သတ်သွားတာ။”

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့လို့  ကျောက်ကန်ကျေးရွာက အိမ်ခြေ ၈၃ အိမ်လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး သီတင်းပင်ကျေးရွာက စားသောက်ဆိုင် တစ်ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်  ဇူလိုင် ၂၄ ရက်မှာလည်း  အဲဒီစစ်တပ်က  ဓမ္မသာရကျေးရွာက နေအိမ် ၇ လုံးနဲ့ ဘန်ဘိုးရွာက ထန်းတဲ တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ဒေသခံရွာသားတဦးက “စစ်(...)တွေ စစ်ကြောင်းထိုးလာလို့ မြိုင်မြို့နယ် မြောက်ပိုင်းက ကျေးရွာ ၇ ရွာလောက်က ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်။ စစ်ကြောင်းဝင်လာတယ်လို့ ကြားကြားချင်း ဆိုင်ရှိသူကဆိုင်ကယ်၊ နွားရှိတဲ့သူက လှည်းတွေနဲ့ ဘာမှမရှိသူတွေကတော့ ခြေလျင်ပြေးကြရတယ်။ အသက်လုပြီးထွက်ပြေးခဲ့ရတာဆိုတော့ ဘာမှကိုမယူနိုင်ဘဲ မိုးရွာနေတဲ့ ကြားထဲမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးကြရတာ။ လက်ရှိအချိန်ထိ ဘေးလွတ်ရာနေရာတွေမှာ နေနေကြရပြီး ရွာကိုမပြန်ရဲ​ကြသေးဘူး” လို့ ပြောပါတယ်။

စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူတွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ ပုလဲမြို့နယ် ရွှေလောင်းကျေးရွာမှာတပ်စွဲထားလို့ ရွှေလောင်းရွာနဲ့ အနီးပတ်ဝန်းကျင်ရွာတွေက ပြည်သူတွေဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့  သိရပါတယ်။

မကွေးတိုင်းမှာ  စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေလ ၃၁ ရက်အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တစ်နိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈၈၈၆ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024