
ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို စစ်အာဏာရှင်အဖွဲ့အစည်းက ကွပ်မျက်မှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ရှုတ်ချကြောင်း ဇူလိုင် ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ဆုံးရှုံးရခြင်းအတွက်လည်း မြန်မာပြည်သူတွေနဲ့အတူ ပူဆွေးသောကရောက်ရကြောင်းနဲ့ ကျန်ရစ်သူမိသားစုတွေ၊ မိတ်ဆွေ ရောင်းရင်းများစွာတို့နဲ့ ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်းလည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက် ဒီကနေ့ထုတ် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်တာပါ။
ဦးဂျင်မီကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၃ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားတာဖြစ်ပြီး ဦးဖြိုးဇေယျာသော်ကိုတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာမှာ နိုဝင်ဘာလ ၂၀ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သူတို့ နှစ်ဦးကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နဲ့ ၅၀(ည) တို့အရ ဇန်နဝါရီ ၂၁ ရက်မှာ သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
ဦးဖြိုးဇေယျာသော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ နေအိမ်မှာ လက်နက်မျိုးစုံ သိမ်းဆည်းထားတာ၊ CRPH၊ NUG၊ PDF၊ Moon Light Operation အဖွဲ့တွေနဲ့ Zoom Meeting ပြုလုပ်ခဲ့တာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ လက်နက်ငှားရမ်းထောက်ပံ့ပေးမှုတာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ညွှန်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
အလားတူ ဦးဂျင်မီဟာလည်း CRPH၊ NUG နဲ့ PDF တွေကို လက်နက်ခဲယမ်းထောက်ပံ့ဖို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ပင်လုံအိမ်ရာ၊ မြနှင်းဆီလမ်းရှိ နေအိမ်မှာ လက်နက်တွေ သိုဝှက်သိမ်းဆည်းထားတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတာဖြစ်ပါတယ်။
အကြမ်းဖက် ဖမ်းဆီးသွားစဉ်မှာ ဦးဂျင်မီဟာ ဦးခေါင်းကို ရိုက်နှက်ခံရတဲ့ဒဏ်ရာနဲ့ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် စစ်ကြောရေးသို့ ပို့ဆောင်ကာ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ခွဲအကြာ အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိနေတယ်လို့ ဆိုပါတယ်။