DVB Logo
Home
မြန်မာသတင်း
သေဒဏ်စီရင်မှု၏ အကျိုးဆက်ကို စစ်ကောင်စီ ပြန်ခံစားရမည်ဟု NUG နှင့် CRPH တုံ့ပြန်
DVB
·
July 25, 2022
သေဒဏ်စီရင်မှု၏ အကျိုးဆက်ကို စစ်ကောင်စီ ပြန်ခံစားရမည်ဟု NUG နှင့် CRPH တုံ့ပြန်
Donate to DVB

ဦးဂျင်မီနဲ့  ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို  ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်မပေးပဲ စစ်ကောင်စီက တဖက်သတ် သေဒဏ်စီရင်လိုက်တာဟာ  လူသတ်မှုမြောက်ပြီး  စစ်ကောင်စီအနေနဲ့ ဒီအကျိုးဆက်ကို ပြန်ခံစားရမယ်လို့  NUG နဲ့  CRPH တာဝန်ရှိသူတွေက တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီခုံရုံးအသီးသီးက သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီနဲ့ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ အပါအဝင် အရပ်သားတွေဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စစ်ကောင်စီက ဒီကနေ့ထုတ် သတင်းစာက တဆင့် ကြေညာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့တွေကို မိသားစုဝင်တွေနဲ့ ဗွီဒီယိုက တဆင့်တွေ့ဆုံခွင့်ပေးခဲ့တာနဲ့ ဒီနေ့ သတင်းထုတ်ပြန်ချက်တွေကိုတွက်ဆရရင် အမှန်တကယ် သေဒဏ်ပေးလိုက်တဲ့သဘော ဆောင်ပြီး ဥပဒေစိုးမိုးမှုမရှိတဲ့အောက်မှာ ဥပဒေနဲ့  ညီညွတ်မှုမရှိတာတွေကိုလည်း မပြောချင်တော့ဘူးလို့ ဝါရင့် တရားလွှတ်တော် ရှေ့နေ တယောက်က ပြောပါတယ်။

“သေဒဏ်စီရင်ပြီးပြီလို့ပဲ ဆုံးဖြတ်နိုင်တဲ့ အနေအထား၊ နိုင်ငံပိုင်သတင်းစာမှာ ထည့်သွင်းကြေညာတယ်ဆိုကတည်းက သေချာသလောက်တော့ရှိနေပြီလို့ ကျနော့်အဲဒီအတိုင်းပဲ သုံးသပ်ပါတယ်”လို့ ဝါရင့်ရှေ့နေက  ပြောပါတယ်။ သေဒဏ်ချမှတ်ခံခဲ့ရသူတွေဟာ ဥပေဒအကြောင်းအရ ဘာခုခံပိုင်ခွင့်မှလည်း မရရှိခဲ့ကြပဲ အခုလို ပြစ်ဒဏ်စီရင်ခံခဲ့ရတာပါ။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ အမှန်တကယ်သေဒဏ်ပေးလိုက်ပြီလို့ ယူဆရသလို စစ်ကောင်စီအနေနဲ့ ဒီကျူးလွန်မှုရဲ့ အကျိုးဆက်ကို ပြန်ခံရမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ  ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“ဒါဆိုရင်တော့ ရှင်းရှင်းပြောရရင် ရန်ငါပြတ်တာပေါ့ဗျာ။ အပြင်းထန်ဆုံး အရက်စက်ဆုံး လုပ်တယ်ဆိုတာ ထင်ရှားတာပေါ့။  ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်ပြောချင်တာ တကယ်လို့သာမှန်ခဲ့မယ်ဆိုရင်၊  ကမ္ဘာကြီးကိုလည်း ကျနော်ပြောရမှာပဲ အခုဒီအချိန်မှာ စစ်ကောင်စီနဲ့ ပတ်သက်လို့ အခု ဆွေးနွေးပါတို့ ညှိနှိုင်းပါတို့ ဖျန်ဖြေပါတို့သာပြောနေပြီး တကယ်တမ်းကျတော့။ ဒီမတရားသဖြင့် ရက်စက်ကြမ်းကြုတ်မှုတွေလုပ်နေတာတဲ့ပတ်သက်ပြီး အရေးယူတာလည်းမရှိဘူး။  ဒါနဲ့ ပတ်သက်ပြီး ပြောရရင်  ဒါကတော့ အင်မတန် အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး ဗြောင်လုပ်ပြလိုက်တာပဲ၊ ဒါရဲ့ အကျိုးဆက်တွေကိုတော့ သူတို့ ပြန်ခံရတော့မယ်ဆိုတဲ့ဟာမျိုး ကျနော်တို့ ယုံကြည်ထားတယ်။” 

ဒီအမှုနဲ့ပတ်သက်လို့ စွပ်စွဲခံရသူတွေဟာ ခုခံပိုင်ခွင့်တွေမရှိခဲ့သလို တစ်ဖက်သတ် သေဒဏ်စီရင်တာဟာ လူသတ်မှုပဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဆိုပါတယ်။

“တရားစီရင်မှုကလည်း  Kangaroo court  ပေါ့နော် မတရားစီရင်တဲ့  သူတို့ရဲ့ရုံးကနေ အပြစ်ပေးပြီး တော့ သူတို့ကလုပ်တာပေါ့။ ဒါလူသတ်မှုပဲ။ စကစက လူသတ်မှုကျူးလွန်တာပဲ။ ကမ္ဘာကြီးကနေပြီး တောင်းဆိုနေတာကို လျစ်လျူရှုပြီးတော့ ဒီလူ လေးယောက်ကို စကစက အဆုံးစီရင်တာပေါ့နော်။ တကယ်လို့လုပ်ခဲ့တယ်ဆိုရင် အဲလိုပဲပြောချင်ပါတယ်။ ကုလသမဂ္ဂတို့  နိုင်ငံတကာတို့က ပါးစပ်နဲ့ ပြောနေရုံ၊ Statement ထုတ်နေရုံတင် မဟုတ်ဘူး လူသတ်မှုကျူးလွန်နေတဲ့ စကစကို စကစ ခေါင်းဆောင်တွေကို အရေးယူရတော့မယ့်၊  အပြစ်ပေးရတော့မယ့်အချိန်ရောက်ပါပြီလို့ ပြောချင်ပါတယ်။ ”

နိုင်ငံရေးအမှုတွေနဲ့ပတ်သက်လို့ ကူညီပေးနေသူရှေ့နေတစ်ဦးကတော့ စစ်ကောင်စီရဲ့ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီလို့ သုံးနှုန်းထားတဲ့စကားဟာ တိတိကျကျပြောဆိုတာမျိုး မဟုတ်သလို၊ အင်းစိန်ထောင်တာဝန်ရှိသူတွေကို မေးမြန်းတဲ့အခါမှာလည်း တိတိကျကျ ပြန်မဖြေကြတာကြောင့် မျှော်လင့်ချင်သေးတယ်လို့ ဆိုပါတယ်။

“အဲဒါကို မသိဘူးလို့ပဲပြောတယ်။ အတည်ပြုချက်မပေးဘူး။ အရင်တုန်းကဆိုရင်လေ တခုခုဆို ကျမတို့က မေးတယ်လေ၊ အဲဒါသေချာလား။ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူးသူပြောတယ်။   ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမသိပါဘူးလို့  အဲလိုပြောတယ်။ မျှော်လင့်တဲ့ သဘောပေါ့နော် ဘာလို့လဲဆိုတော့ စကားလုံးတလုံးပေါ်မှာ Catchy ဖြစ်တယ်။ တိတိကျကျ မပြောဘူးလေ။ အရင့်အရင်တုန်းက ကျမတို့က အတွေ့အကြုံ နှစ်ဦးရှိခဲ့တုန်းက တိတိကျကျပြောတယ်။” 

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မတွေနဲ့စွပ်စွဲပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စစ်ကောင်စီခုံရုံးတွေကနေ သေဒဏ်ချမှတ်ခဲ့တာပါ။

အဲဒီသေဒဏ်ကို ပြီးခဲ့တဲ့ ဇွန်လမှာ စစ်ကောင်စီဘက်က အတည်ပြုခဲ့သလို အမှန်တကယ်သေဒဏ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ပြစ်ဒဏ်တွေကိုစီရင်ဆောင်ရွက်ပြီးပြီလို့ ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာပဲ စစ်ကောင်စီက နိုင်ငံပိုင်သတင်းတွေကနေ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013