
မြင်းခြံခရိုင် နွားထိုးကြီးမြို့ပေါ်မှာ ဇူလိုင် ၂၄ ရက် မနက်ခင်းက လက်ဝတ်ရတနာ အရောင်းဆိုင် ဓားပြတိုက်ခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “အမှတ် ၅ ရပ်ကွက် မန္တလေးလမ်းမပေါ်က ရွှေလွန်းနဒီရွှေဆိုင်မှာ ဇူလိုင် ၂၄ ရက် မနက် ၁၀ နာရီက အမည်အသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာတယ်။ ရွှေဝယ်ဟန် ဆောင်ပြီး သေနတ်ပစ်ဖောက် ဓားပြတိုက်သွားတာ။ ၁၀ သိန်းဖိုးလောက် ပါသွားတယ်” လို့ ပြောပါတယ်။
မြို့ထဲလည်းဖြစ်ပြီး မနက်ခင်း လူစည်တဲ့အချိန်လည်းဖြစ်လို့ ဓားပြတွေ အတင့်ရဲလွန်းတယ်လို့ သူက ဆိုပါတယ်။
ဇူလိုင် ၂၃ ရက်ညကလည်း မြို့နဲ့ ၁၂ မိုင်လောက်ဝေးတဲ့ တောဝေးရွာမှာ အမည်မသိလူတစု နေအိမ်တွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် အမျိုးသမီး တယောက် သေဆုံးပြီး လူ နှစ်ယောက် ဒဏ်ရာရခဲ့သေးတယ်လို့ ရွာခံတွေက ပြောပါတယ်။
ရွာခံတဦးက “ဘာကြောင့်လို့တော့ မသိဘူး။ သားအမိ သုံးယောက်ရှိတဲ့အိမ်မှာ ညကြီးမိုးချုပ် အိမ်ထဲ ဝင်ပစ်သွားတာ။ သားမိ သုံး ယောက်လုံး သေနတ်မှန်တာ။ သမီးဖြစ်သူသေသွားတယ်” လို့ ဆိုပါတယ်။