DVB Logo
Home
မြန်မာသတင်း
ဖောင်းပြင် မိုင်းချောင်း‌ရွာတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊ ကလေးမြို့၌ စစ်ကားတစီး ဗုံးခွဲခံရ
DVB
·
July 24, 2022
ဖောင်းပြင် မိုင်းချောင်း‌ရွာတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊ ကလေးမြို့၌ စစ်ကားတစီး ဗုံးခွဲခံရ
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်မြို့နယ် မိုင်းချောင်းကျေးရွာနားမှာ ဇူလိုင် ၂၂ ရက်က စစ်‌ကောင်စီတပ်နဲ့ ဖောင်းပြင် PDF၊ ပကဖပူးပေါင်းအဖွဲ့တို့  တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု တွေရှိခဲ့တယ်လို့ ဖောင်းပြင် PDF အဖွဲ့က ထုတ်ပြန်ပါတယ်။

ဖောင်းပြင် PDF အဖွဲ့ဝင်တဦးက “တောင်ကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီဘက်က လက်နက်ငယ်၊ စက်ကလေး၊ စက်လက်၊ ၆၀ မမ၊ ၈၁ မမ၊ RPG 7 တို့နဲ့ ပစ်ခတ်တာကြောင့် ပကဖ ရဲဘော် ၇ ယောက်နဲ့ PDF ရဲဘော် ၁ ယောက် သေဆုံးခဲ့တယ်” လို့ ပြောပါတယ်။

ဇူလိုင် ၁၇ ရက်က မော်လိုက်မြို့နယ် ခါတွန်ရွာကို ခန့်မှန်းအင်အား ၄၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့လို့ ဖောင်းပြင်တောင်ပိုင်း PDF နဲ့ ပကဖ ပူးပေါင်း အဖွဲ့တို့က စစ်ကူသွားရောက်ပြီး မနက်ပိုင်းအချိန်မှာ စတင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ ဘက်က အနည်းဆုံး ၆ ယောက်မှ ၁၀ ယောက်အထိ သေဆုံးခဲ့တယ်လို့ ဖောင်းပြင် PDF အဖွဲ့က ထုတ်ပြန်ပါတယ်။

အင်အား ၆၀ ကျော်ပါ စစ်ကြောင်းဟာ နယ်မြေစိုးမိုးမှု အားကောင်းနေတဲ့ ဖောင်းပြင် မြို့နယ်တောင်ဘက်ပိုင်းကို ဆက်လက်စစ်ကြောင်းထိုးလာနိုင်လို့ မိုင်းချောင်းရွာ ပကဖ၊ မာန်သဲအုပ်စု ပကဖ PDF နောက်ချန်အင်အားအပါအဝင် မော်လိုက် PDF နဲ့ ပကဖ ပူးပေါင်းအ ဖွဲ့တွေက မိုင်းချောင်းရွာထဲကို စစ်ကောင်စီစစ်ကြောင်း မဝင်ရောက်နိုင်အောင် ဇူလိုင် ၁၈ ရက်က တည်းက ပိတ်ဆို့တားဆီးထားခဲ့တာလို့ ဖောင်းပြင် PDF အဖွဲ့က ပြောပါတယ်။

ပစ်ရင်းဆုတ်ခွာသွားတဲ့ စစ်ကြောင်းနောက်ကို PDF ပကဖ ပူးပေါင်းအဖွဲ့က လိုက်လံ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ စစ်ကောင်စီတပ်က အနည်းဆုံး ၆ ယောက်မှ ၈ ယောက်အထိ သေဆုံးနိုင်ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒကစ(ကလေး)အတွင်းမှ ထွက်လာတဲ့ စစ်ကားတစီးကို ဇူလိုင် ၂၃ ရက် မနက် ၇ နာရီလောက် ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation MoMo အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီစစ်ကောင်စီကားကို ဒေသကွပ်ကဲရေးစစ်ဌာနချုပ်အနီး ရွေစင်-၂ စားသောက်ဆိုင်ရှေ့မှာ ဗုံး ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကားဟာ အရှိန်နဲ့ အနီးက သစ်ပင်တစ်ပင် တိုက်မိခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက စုံစမ်းသိရရှိတဲ့ အချက်အလက်တွေအရ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကားဟာ ကလေးမြို့ ၂၂၈ တပ်ရင်းကဖြစ်ပြီး တပ်တွင်းသတင်းတွေအရ စစ်သားတဦး ကျဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ၂၂၈ တပ်ရင်းမှ ကျောင်းသားတွေကို မနေ့က စာသင်ကျောင်းကို တရက် ရပ်နားလိုက်တယ်လို့ နီးစပ်တဲ့အသိုက်အဝန်းက ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် အဲဒီဗုံးခွဲတိုက်ခိုက်ခံရတဲ့ ပတ်ဝန်းကျင်တလျှောက်မှာ စစ်ကောင်စီ တပ်သားတွေက လမ်းသွားလမ်းလာနဲ့ ခရီးသွားပြည်သူတွေကို စစ်ဆေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား လတ်တလော  မြို့တွင်းတိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်ပွားနေပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013