DVB Logo
Home
မေးမြန်းခန်း
“မေမေ သက်ရှိထင်ရှား ရှိသေးတယ်ဆိုတာ အခု ကျနော်တို့ သိလိုက်ရပါပြီ”- ကင်မ်အဲရစ် 
DVB
·
August 4, 2026
“မေမေ သက်ရှိထင်ရှား ရှိသေးတယ်ဆိုတာ အခု ကျနော်တို့ သိလိုက်ရပါပြီ”- ကင်မ်အဲရစ် 
Donate to DVB

စစ်အာဏာရှင်ရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)က ဌာနေကိုယ်စားလှယ် တို့ သြဂုတ် ၃ ရက်က ရှားရှားပါးပါးတွေ့ဆုံခွင့်ရခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ကို DVB ကဆက်သွယ်မေးမြန်းထားပါတယ်။

(မေးမြန်းချက် အပြည့်အစုံ) 

 

မေး။ ပထမဆုံး မေးချင်တာကတော့၊  ကင်မ်ရဲ့ မိခင်က ICRC ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ သိလိုက်ရတဲ့အခါ ဘယ်လိုခံစားခဲ့ရလဲ။ ဒီသတင်းကို ကြားကြားချင်း ပထမဆုံး တုံ့ပြန်မှုက ဘာလဲခင်ဗျ။

ကင်မ်အဲရစ်။ “ ဘာကို ယုံရမလဲဆိုတာ ဆုံးဖြတ်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ဒီသတင်းကတော့ စိတ်ချရပုံရပါတယ်၊ ပြီးတော့ မေမေ့နဲ့ တွေ့ခဲ့တဲ့သူနဲ့လည်း ကျနော်ကိုယ်တိုင် တွေ့ခဲ့ပြီးပါပြီ။ ဆိုတော့ ဒီတွေ့ဆုံမှုတကယ်ဖြစ်ခဲ့တယ်ဆိုတာ ကျနော်အတည်ပြုနိုင်ပါတယ်။  ဒါဟာ ပထမဆုံး မျှော်လင့်ချက်အရိပ်အယောင်ပါပဲ။ ဒါပေမဲ့ ဒါဟာ ပထမ ခြေလှမ်းပဲ ရှိပါသေးတယ်။ နောက်ဆုံးမှာတော့ မေမေ့ကို လွတ်လွတ်လပ်လပ် ရှိစေချင်တုန်းပါပဲ။ ဆိုတော့ ဒါဟာ ပိုကောင်းတဲ့အရာတွေဆီ သွားရာ ပထမဆုံးခြေလှမ်းပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။”

 

မေး။ ခင်ဗျား စိတ်ကူးထဲမှာပေါ့နော်၊ နေပြည်တော်က စစ်အာဏာရှင်က ကင်မ်ကို မိခင်နဲ့ စကားပြောခွင့်ပြုခဲ့ရင်၊ ပထမဆုံးအနေနဲ့ ဘာပြောချင်လဲခင်ဗျ။

ကင်မ်။ “မေမေ့ကို အရမ်းချစ်ကြောင်း၊ ဒီနှစ်တွေအတွင်း ကျနော်တို့အားလုံး မေမေ့အကြောင်းကိုပဲ တွေးနေခဲ့ကြကြောင်းနဲ့ မကြာခင် တွေ့ရဖို့ မျှော်လင့်ကြောင်းပဲ ပြောပြချင်ပါတယ်။”

 

မေး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် ဘယ်လိုသက်ရောက်မှုရှိမယ်လို့ ထင်ပါသလဲ။ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးအကျပ်အတည်းကို ဘယ်လိုမျိုး တိုးတက်ကောင်းမွန်လာစေနိုင်မလဲခင်ဗျ။

ကင်မ်။ “ကျနော့် မေမေ လွတ်မြောက်လာခဲ့ရင်၊ ဒါဟာ အမျိုးသားရင်ကြားစေ့ရေးဆီ သွားမဲ့ ပထမဆုံးခြေလှမ်း ဖြစ်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ တခြားသူ ဘယ်သူမှ ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်မနေကြပုံရပါဘူး၊ ကျနော့်မေမေကတော့ ငြိမ်းချမ်းရေးအတွက် အမြဲတမ်း တိုက်ပွဲဝင်ခဲ့တာပါ။ မေမေဟာ အဲဒီ ရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ ကူညီပေးနိုင်သေးတဲ့ အနည်းစုသောလူတွေထဲက တယောက်ပါ။ ဆိုတော့ အဲဒါ မကြာခင် ဖြစ်လာပါစေလို့ မျှော်လင့်ကြတာပေါ့။”

 

မေး။ ဟုတ်ကဲ့၊ ကျနော်လည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်။ ပြဿနာက စစ်အာဏာရှင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပနဲ့ ဆက်သွယ်ခွင့်တွေ အားလုံး ပိတ်ပင်ထားတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ သက်သာချောင်ချိရေးနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ကို ဘာဆက်လုပ်စေချင်လဲခင်ဗျ။

ကင်မ်။ “စစ်အာဏာရှင် အနေနဲ့ ICRC နဲ့ ဒီလိုတွေ့ဆုံမှုတွေကို ဆက်လက်ခွင့်ပြုပေးဖို့နဲ့ မေမေ့ကို စစ်ဆေးဖို့ ICRC ရဲ့ ကိုယ်ပိုင် ဆရာဝန်ကို ခွင့်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါက ကောင်းမွန်တဲ့ နောက်ထပ်ခြေလှမ်းတခု ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ကျနော် မေမေနဲ့ လွတ်လွတ်လပ်လပ် ဆက်သွယ်ချင်ပါတယ်။ အဲဒါ မေမေ့ရဲ့ အခြေခံလူ့အခွင့်အရေးပါ။ နောက်ပြီး နောက်ဆုံးမှာတော့ မေမေ့ကို လွတ်မြောက်စေချင်ပါတယ်။” 

 

မေး။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက် သူ့တဘဝလုံးကို ပေးဆပ်ခဲ့တာပါ။ တယ်လို့ သူ လွတ်မြောက်လာခဲ့ရင်၊ သူ့ရဲ့ အနားယူချိန်တွေကို ခင်ဗျားနဲ့အတူ ဘယ်လို ကုန်လွန်စေချင်လဲ။ အဲဒါကို မြင်ယောင်ကြည့်ဖူးပါသလားခင်ဗျ။

ကင်မ်။ “မြန်မာနိုင်ငံအတွက် သူ တတ်နိုင်တာကို လုပ်ပေးနေဦးမှာဖြစ်တဲ့အတွက် [မေမေ] တကယ် အနားယူလိမ့်မယ်လို့တော့ ကျနော်မထင်ပါဘူး။ နည်းလမ်းတခုမဟုတ် တခုနဲ့တော့ သူ အမြဲတမ်း ပါဝင်နေမှာပါ။ ဒါပေမဲ့ မေမေ့အနေနဲ့ နည်းနည်း နောက်ဆုတ်ပြီး အကြံပေး ပုဂ္ဂိုလ်တယောက်အနေနဲ့ပဲ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ အများကြီး လုပ်စရာမလိုဘဲနဲ့ပေါ့။ ဘာလို့လဲဆိုတော့ မေမေဟာ အခု အသက် ၈၀ ကျော်နေပြီဖြစ်သလို လွန်ခဲ့တဲ့ နှစ်အများကြီးအတွင်းမှာ [ဖြစ်ခဲ့တဲ့ ကိစ္စတွေကလည်း] မေမေ့အတွက် လွယ်ကူမနေခဲ့ပါဘူး။”

 

မေး။ ကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပြောချင်တာများ ရှိပါသေးသလားခင်ဗျ။

ကင်မ်။ “ဒါဟာ အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတခု ဖြစ်ပါစေလို့ ကျနော်တကယ်ပဲ မျှော်လင့်ပါတယ်။ သက်ရှိထင်ရှားရှိကြောင်း အထောက်အထား (proof of life) တောင်းဆိုတဲ့ ကျနော်ရဲ့ တောင်းဆိုမှုကို ပိုမိုကျယ်လောင်အောင် ကူညီပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ အနည်းဆုံးတော့ မေမေ သက်ရှိထင်ရှား ရှိသေးတယ်ဆိုတာ အခု ကျနော်တို့ သိလိုက်ရပါပြီ။ ကျနော်ပြောခဲ့သလိုပဲ၊ အဲဒါက ကောင်းတဲ့ ပထမဆုံး ခြေလှမ်းတခုပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံကတခြားသော နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနဲ့အတူ မေမေလည်း လွတ်မြောက်ရပါမယ်။

ပြီးတော့ တခြားသူတွေ စစ်အာဏာရှင်နဲ့ စတင် ထိတွေ့ဆက်ဆံတာမျိုး မလုပ်ခင်မှာ စစ်အာဏာရှင်ဘက်က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို စတင်လိုက်နာဖို့ လိုအပ်ပါတယ်၊ ပြောင်းပြန်မဖြစ်သင့်ပါဘူး။ ဆိုတော့ အဲဒါ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

 

မေး။ အဲဒါ ကျနော်တို့ရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ အစစအရာရာ အဆင်ပြေပါစေ။ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကင်မ်အဲရစ်။  “ကျေးဇူးတင်ပါတယ်။” 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013