DVB Logo
Home
Lead Story
နွေဦးတော်လှန်ရေးအတွက် အမှုလုပ်မလား၊ စစ်တိုက်မလား (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
July 22, 2022
နွေဦးတော်လှန်ရေးအတွက် အမှုလုပ်မလား၊ စစ်တိုက်မလား (သူ့အတွေး သူ့အမြင် – Op-Ed)
Donate to DVB

Universal Jurisdiction (UJ) ဆိုတာ ဘာလဲ 

UJ ကို နိုင်ငံတကာတရားဥပဒေအဖြစ် တီထွင်ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံတကာပြစ်မှုတွေကို ကျူးလွန်ထားတဲ့ တရားခံတဦးဟာ ဘယ်နိုင်ငံမှာ ကျူးလွန်တာ ဖြစ်ပါစေ၊ ဘယ်လူမျိုး ဖြစ်ပါစေ၊ ခွဲခြားမှုမရှိစေဘဲ သူရောက်ရှိရာ နိုင်ငံမှာ တရားစီရင်ခြင်းခံရစေဖို့ ကမ္ဘာ့ဥပဒေပညာရှင်တွေက ပြဋ္ဌာန်းထားခဲ့တာ ဖြစ်ပါတယ်။ ပညာရှင်တွေ စဉ်းစားစဉ်က နိုင်ငံတွေရဲ့ ပိုင်နက်နယ်နိမိတ်အပြင်ဘက်မှာ ကျူးလွန်တဲ့ ပင်လယ်ဓားပြမှုတွေ၊ လေယာဉ်အပိုင်စီး ပြန်ပေးဆွဲမှုတွေကို၊ တရားခံတွေ ရောက်ရှိနေတဲ့နိုင်ငံတွေမှာ ဖမ်းဆီး အပြစ်ပေးနိုင်ဖို့၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် နိုင်ငံတကာမှာ တရားစီရင်နိုင်ဖို့ ရည်ရွယ်ပြီး ချမှတ်ပြဋ္ဌာန်းခဲ့တာပါ။

UJ ကို လက်ခံကျင့်သုံးတဲ့ နိုင်ငံတွေကတော့ အမေရိကန်နဲ့ ဗြိတိန်တို့ ဦးဆောင်တဲ့ အနောက်အုပ်စု လစ်ဘရယ်ဒီမိုကရက်တစ်နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒီသီအိုရီကို ပထမဆုံး ကျင့်သုံးတာကတော့ နာဇီ ဂျာမနီ စစ်ရာဇဝတ်သားတွေကို အပြစ်ပေးတဲ့ နုရင်ဘတ်တရားရုံးပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘောဒီးယားအာဏာရှင် ပိုပေါ့နဲ့ စစ်ရာဇဝတ်သားတွေ၊ ဘော့စနီးယားက အာဏာရှင်တွေကို အပြစ်ပေး တရားစီရင်ရာမှာ ကျင့်သုံးခဲ့ကြပါတယ်။

နိုင်ငံတကာတရားစီရင်ရေး UJ နဲ့ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်တချို့

ဒီတရားစီရင်ရေးစနစ်ဟာ အနိုင်ရသူတွေရဲ့ ကိရိယာတခုသာ ဖြစ်တယ်ဆိုတဲ့ အမြင်တချို့လည်း ရှိနေပါတယ်။ စစ်ပွဲတွေမှာ ရှုံးနိမ့်သွားတဲ့သူတွေသာ စီရင်မှုခံကြရတဲ့ သမိုင်းရှိပြီး အနိုင်ရသူတွေကတော့ စီရင်မှုခံရခြင်းမှ လွတ်မြောက်နေလို့ပါပဲ။ ဒီ UJ သီအိုရီကို ဆန့်ကျင်တဲ့ အထင်ကရ နိုင်ငံ့ခေါင်းဆောင်ကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျားပဲ ဖြစ်ပါတယ်။

ဟင်နရီကစ်ဆင်းဂျားကို အမေရိကန်နဲ့ ကမ္ဘာ့သမိုင်းမှာ နိုင်ငံတကာဆက်ဆံရေးဂုရုအဖြစ် လူသိများပါတယ်။ သူက UJ ဆိုတဲ့ နိုင်ငံတကာတရားစီရင်ရေး သီအိုရီဟာ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်တာမို့ မကျင့်သုံးသင့်ဘူးလို့ ဆိုပါတယ်။

အဲဒီအချိန် သူကိုယ်တိုင်က တောင်အာဖရိက လူဖြူအာဏာရှင်အစိုးရရဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖိနှိပ်သတ်ဖြတ်မှုတွေမှာ အော်ပရေးရှင်းကွန်ဒါ ဆိုတဲ့ စီအိုင်အေ နောက်ကွယ်က ပါဝင်ပတ်သက်ကူညီမှုနဲ့ စပိန်နိုင်ငံတရားရုံးက UJ အရ ဆင့်ခေါ်ခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲနဲ့ လတ်တလော အာဖဂန်နစ္စတန်စစ်ပွဲတွေမှာ ကျူးလွန်ထားတဲ့  War Crimes စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တာကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က တောင်းဆိုတာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်လက်ထက်က ပယ်ချခဲ့တဲ့အပြင်၊ အိုင်စီစီက နုတ်ထွက်မယ်၊ အိုင်စီစီကို ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

စစ်အေးကာလအတွင်းနဲ့ ပြီးဆုံးချိန်နောက်ပိုင်းမှာ  အမေရိကန်နဲ့  အနောက်အုပ်စု နိုင်ငံတွေရဲ့ နိုင်ငံ တကာ စစ်ပွဲတွေမှာ ကျူးလွန်ထားတဲ့  စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး အဆိုပါနိုင်ငံတွေက နိုင်ငံတကာတရားစီရင်မှု UJ ကို အတိုက်အခံတွေက ထုတ်သုံးလာမှာကို စိုးရိမ်မှုရှိနေပြီး  တတ်နိုင်သလောက်  ဖုံးဖုံးဖိဖိ  လုပ်ဆောင်နေကြတာပါ။ ဒါကြောင့်  UJ ဆိုတာ အနောက်အုပ်စု နိုင်ငံတွေအတွက်  ဖင်ကြားညပ်နေတဲ့ ခဲတလုံးပါပဲ။

ဩစတြေးလျနဲ့ Universal Jurisdiction ( UJ) 

ဩစတြေးလျနိုင်ငံဟာလည်း အနောက်အုပ်စုနိုင်ငံတွေထဲမှာ UJ ကို လက်ခံကျင့်သုံးတဲ့ နိုင်ငံတခုပါပဲ။ ဒါပေမဲ့ ဩစတြေးလျရဲ့ ဌာနေတိုင်းရင်းသား အဘိုရီးဂျင်းတွေအပေါ်  လာရောက် အခြေချသူ ဥရောပတိုက်မှ လူဖြူတွေရဲ့ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) နဲ့ပတ်သက်ပြီး နိုင်ငံတကာတရားစီရင်မှုအရ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုတွေအပေါ်မှာ ဩစတြေးလျ အစိုးရအဆက်ဆက်က စိတ်မသက်မသာဖြစ်နေခဲ့ကြရတာပါ။

လတ်တလောမှာလည်း အာဖဂန်နစ္စတန်စစ်ပွဲအတွင်း ဩစတြေးလျစစ်သားတွေ ကျူးလွန်ထားတဲ့  War Crimes စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုခံ ထားရတာလည်း ပူပူနွေးနွေး ရှိနေဆဲပါ။ ဩစတြေးလျနိုင်ငံမှာ UJ ကိုသာ အမှန်တကယ် ထိထိရောက်ရောက် ကျင့်သုံးမယ်ဆိုရင် ဩစီတရားစီရင်ရေးစနစ်ကို အသုံးချပြီး ဩစီမှာ နိုင်ငံသားဖြစ်နေတဲ့ သီရိလင်္ကာက တမီလ်ကျားတွေ၊ အီရတ်က ကာဒ့်လူမျိုးတွေ၊ ဆီးရီးယားတွေ ယီမင်တွေ၊ အာဖဂန်တွေနဲ့ အာဖရိကန်တွေက တရားစွဲဆိုဖို့ အသင့်ရှိနေကြပါတယ်။ ဒါကြောင့်လည်း ဩစတြေးလျအစိုးရ အဆက်ဆက်က UJ နဲ့ပတ်သက်ရင် အသံသိတ်မထွက်ဘဲ နေခဲ့ကြပါတယ်။

ဩစတြေးလျမှာ UJ နဲ့ ပတ်သက်ပြီး လေ့လာမှတ်သားစရာ အဖြစ်အပျက်နှစ်ခု ရှိနေပါတယ်။  ပထမတခုက ၂၀၁၁ ခုနှစ်မှာ သီရိလင်္ကာသမ္မတ မဟင်ဒါရာဂျာပတ်ဆာ ဩစတြေးလျနိုင်ငံကို လာရောက်လည်ပတ်နေစဉ်မှာ တမီလ်လူမျိုး ဩစတြေးလျနိုင်ငံသားတယောက်က သမ္မတရဲ့ ပြည်တွင်းစစ်အတွင်း လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး UJ အရ မဲလ်ဘုန်းတရားရုံးမှာ အမှုစွဲတင် လျှောက်ထားခဲ့တဲ့ အဖြစ်အပျက်ပါ။ နောက်တခုက ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဩစတြေးလျ-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ ဩစတြေးလျမှာ ရောက်ရှိနေစဉ် မဲလ်ဘုန်းတရားရုံးမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး UJ အရ ဩစတြေးလျနိုင်ငံသား Taylor ဆိုသူက တရားလို ပြုလုပ်ပြီး စွဲဆိုတဲ့ အဖြစ်အပျက်ပါ။ အမှုနှစ်ခုစလုံးမှာ ဩစတြေးလျရှေ့နေချုပ် Attorney General က တရားစွဲဆိုမှုကို ပယ်ချခဲ့ပါတယ်။ ပယ်ချခဲ့ရတဲ့ အကြောင်းအရင်းကတော့ နှစ်ဦးစလုံးဟာ သံတမန်ကင်းလွတ်ခွင့် (Diplomatic Impunity) အရ ဩစတြေးလျမှာ တရားစွဲဆိုလို့မရနိုင်ပါဘူး ဆိုတာပါပဲ။ အမှုနှစ်ခုစလုံးက သက်ဆိုင်ရာ တရားခံအဖြစ် စွပ်စွဲခံထားရသူတွေ ဩစတြေးလျနိုင်ငံတွင်း ရောက်ရှိနေခိုက် အမှုစွဲတင်ကြတာပါ။

ဩစတြေးလျ ရှေ့နေချုပ်ဟာ ဗြိတိသျှရှေ့နေချုပ်နဲ့ မတူတဲ့ အချက်ကတော့၊ ဩစတြေးလျ ရှေ့နေချုပ်ဟာ အစိုးရအဖွဲ့တာဝန်ရော (Political Role)  လွှတ်တော်မှာ တရားဥပဒေပြုရေး တာဝန်ပါ (Legislative Role) နှစ်ခုစလုံး ယူထားရတာပါ။ တရားရေးနဲ့ပတ်သက်ရင် လွတ်လပ်တဲ့ သီးသန့်ပါဝါရှိပေမဲ့ တဖက်က အစိုးရအဖွဲ့ဝင်ဖြစ်နေတာမို့ ပါတီရဲ့ မူဝါဒအပေါ်မှာ နာခံမှုရှိရပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးတာဝန်က တရားရေးတာဝန်ရဲ့အထက်မှာ ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မအလကို တရားစွဲဆိုမယ့်အပေါ်ဆန်းစစ်ချက်

NUG က ဩစတြေးလျမှာ မင်းအောင်လှိုင်ကို UJ အရ တရားစွဲဆိုမယ့်အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီတရားစွဲဆိုမှုကို သုံးသပ်ရရင် နိုင်ငံရေးအရ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း အလွန်နည်းပါတယ်။ တရားရေးအရ ကြည့်ပြန်ရင်လည်း အထက်က အဖြစ်အပျက် နှစ်ခုလို ရှေ့နေချုပ်က ခွင့်ပြုဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးအရဆိုရင် အထက်ကဆိုခဲ့သလို  လက်ရှိအာဏာရ အစိုးရတွေကို NUG က ဖင်ကြားခဲသွားခုသလို ဖြစ်နေမှာပါ။  ညောင်မြစ်တူးတာ ပုပ်သင်ဥ ပေါ်မှာစိုးလို့ ခွင့်ပြုချက်ပေးဖို့ မဖြစ်နိုင်ပါ။ ဩစတြေးလျဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို ကိုင်တွယ်တဲ့ သမိုင်းကြောင်း အလွန်ပဲ အားနည်းပါတယ်။ အခုလို တရားရေးနဲ့ အပြစ်ပေးမယ့်အစား၊ သက်ဆိုင်ရာနိုင်ငံတွေကို လူသားချင်းစာနာမှုအကူအညီ တိုးပေးတာမျိုးပဲ လုပ်လေ့ရှိပါတယ်။ ရှေ့နေချုပ်က ခွင့်ပြုချင်စိတ် အနည်းငယ်ရှိနေရင်တောင်မှ ဩစတြေးလျ ဖက်ဒရယ် ရဲဌာနက တရားစွဲဆိုမှုကို အထောက်အကူပြုမယ့် သက်သေတွေ ရှာဖွေတင်ပြရမှာပါ။ အဲဒီလုပ်ငန်းဟာ ရန်ပုံငွေ သန်းဂဏန်း ကုန်ကျနိုင်တာမို့  စီးပွားရေးကျဆင်းမှုထဲ ရောက်နေတဲ့ ဩစတြေးလျအနေနဲ့ အကုန်အကျခံဖို့ ဖြစ်နိုင်ဖွယ်မရှိပါ။ အထက်မှာ တင်ပြခဲ့တဲ့ အမှုနှစ်ခုမှာလိုမျိုး မင်းအောင်လှိုင်က ဩစီနိုင်ငံတွင်း ရောက်နေတာ မဟုတ်ပါဘူး။ အမိန့်ချခဲ့ရင်တောင် မြန်မာနိုင်ငံအတွင်း တပ်တွေနဲ့ ဝင်ရောက်ပြီး သွားဖမ်းမှရမှာပါ။

ဒါဆို ဩစတြေးလျက မြန်မာနိုင်ငံကို စစ်ကြေညာရတော့မှာပါ။ ပိုပြီးရှုပ်ထွေးကုန်ပါလိမ့်မယ်။ အထက်ပါမေးခွန်းပေါင်းများစွာအတွက် ဩစတြေးလျနိုင်ငံမှာ လုံလောက်တဲ့အဖြေ မရှိပါဘူး။ နောက်ပြီး ဩစတြေးလျ နိုင်ငံခြားရေးမူဝါဒမှာလည်း မြန်မာ့အရေးဟာ ပစိဖိတ်ကျွန်းနိုင်ငံများ အရေးနဲ့ ယူကရိန်းစစ်ပွဲတွေရဲ့ အနောက်မှာပဲ ရှိပါတယ်။ ဦးစားပေးအဆင့် မရှိပါဘူး။ ဒါနဲ့ နိုင်းယှဉ်ကြည့်ရင် ပိုပြီးဖြစ်နိုင်ခြေ နည်းပါတယ်။ အခုလို တရားစွဲဆိုဖို့ ကြိုးစားတာမျိုးဟာ အမျိုးသားညီညွတ်ရေးအစိုးရကိုအသိအမှတ်ပြုမှုအပေါ်မှာလည်း ထိခိုက်နိုင်ပါတယ်။ တရားစွဲဆိုမယ့် ဥပဒေပညာရှင်တွေက လေဘာအစိုးရလက်ထက်မှာ ဖြစ်နိုင်ခြေ ရှိတယ်လို့ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သီရိလင်္ကာသမ္မတကို တရားစွဲမှုအား ပယ်ချခဲ့တဲ့ ရှေ့နေချုပ် ရောဘတ်မက်ကလီလန်း (Robert McClelland, )  ဟာ လေဘာပါတီရဲ့ အစိုးရအဖွဲ့ဝင် ဖြစ်ခဲ့တယ်ဆိုတာ မမေ့သင့်ပါ။

တဖန် အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC) က သတ်မှတ်ထားတဲ့ တော်လှန်ရေးကာလ၊ အသွင်ကူးပြောင်းရေးကာလနဲ့ ပြန်လည်တည်ဆောက်ရေးကာလဆိုတဲ့ ကာလသုံးခုမှာလည်း အခုကာလဟာ တော်လှန်ရေးကာလ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ တရားစွဲဆိုတာမျိုးတွေဟာ တော်လှန်ရေးကာလနဲ့ အသွင်ကူးပြောင်းရေးကာလတွေမှာ လုပ်ဆောင်လို့ အကျိုးမရှိပါ။ ပြန်လည်ထူထောင်ရေးကာလမှ လုပ်မယ်ဆို သင့်တော်ပါတယ်။ တော်လှန်ရေးကာလမှာ အလုပ်သင့်ဆုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို အားသွန်ခွန်စိုက်ပံ့ပိုးပေးရေး အစရှိတဲ့ စစ်အနိုင်တိုက်ရေး၊ နယ်မြေသိမ်းပိုက်ရေးဆိုတဲ့ ပင်မလုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ တရားစွဲဆိုတာတွေက ဥပဒေသမားတွေရဲ့ လုပ်ကွက်ရှာ သိုက်တူးတဲ့ အမှုဆွေး၊ လူဆွေးဖြစ်မယ့် ကိစ္စထက် မပိုပါဘူး။ ပင်မလုပ်ငန်းစဉ်တွေကို သွေဖည်စေပြီး လူထုကို တွေဝေစေပါတယ်။ 

စု-ရွေး-လွှတ် လမ်းကြောင်းနဲ့လည်း သီးခြားစီပါ။ ဩစတြေးလျရော မြန်မာပါ နှစ်နိုင်ငံလုံးအတွက် အကျိုးမရှိပါဘူး။ တရားစွဲတာထက်စာရင် ဖြစ်နိုင်ခြေများတဲ့  ဩစတြေးလျက လုပ်ရန်ကျန်ရှိနေတဲ့ မင်းအောင်လှိုင်နဲ့ ဆွေမျိုးတွေကို ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းပေးဖို့ တောင်းဆိုတာ၊ မြန်မာနိုင်ငံအတွက် လျာထားတဲ့ ဘတ်ဂျက်ကို ၉၂ သန်းအစား သန်း ၁၀၀ လောက် တိုးပေးဖို့ တောင်းဆိုတာ၊ မြန်မာနိုင်ငံမှ ဒုက္ခသည် ၂၀၀၀ ခေါ်ယူမယ့် အစီအစဉ်ကို လူဦးရေ တိုးမြှင့်ခေါ်ယူပေးဖို့ တောင်းဆိုတာ၊ ပြည်တွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်တွေကို နိုင်ငံတကာအနေနဲ့ အရေးပေါ်ကူညီနိုင်ဖို့ လူသားချင်းစာနာမှုစင်္ကြံလမ်း (Humanitarian Corridor) ဖြစ်မြောက်ရေး ဩစတြေးလျအနေနဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂမှာ အရေးဆိုပေးဖို့ တောင်းဆိုတာတွေကို ပိုပြီးအားစိုက်လုပ်ဆောင်သင့်ပါတယ်။ 

ဒါကြောင့် နိုင်ငံရပ်ခြား တရားစွဲဆိုမှုတွေ (Universal Jurisdiction) ကို စာရေးသူအနေနဲ့ သမိုင်းကြောင်းအရ လုံးဝ ဆန့်ကျင်ကန့်ကွက်ပါကြောင်း တော်လှန်ရေးအကျိုးမျှော်ပြီး ဖော်ပြလိုက်ရပါတယ်။

အေးမင်းစိုး (ခေတ္တ-မဲလ်ဘုန်းမြို့)  ( သူ့အတွေး သူ့အမြင် - Op-Ed) 

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013