
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ရထားလမ်း ရေကျော်တက်လာတာကြောင့် ရထားခရီးစဉ်တွေ ဖျက်သိမ်းခဲ့ပြီး အမြန်ရထား ၂ စင်း ပြေးဆွဲမှုကို ရပ်နားလိုက်ရတယ်လို့ ရထားဝန်ထမ်းတွေဆီက သိရပါတယ်။
လေးမျက်နှာမြို့နယ်က ငဝန်ရေကာတာ ကျိုးပေါက်တဲ့ အရှိန်နဲ့ ကျုံပျော်မြို့နယ်၊ ဇရပ်လှဘူတာနဲ့ ဒိုက်ပျက်ဘူတာ ကြားမိုင်တိုင်အမှတ် (၁၃၄/ ၇-၁၅) ကြားရှိ ရထားသံလမ်းပေါ် ရေ ၃ လက်မခန့် ရေကျော်နေတာကြောင့် ဩဂုတ် ၄ ရက်က စတင်ပြီး အမြန်ရထား ၂ စင်း ပြေးဆွဲမှုကို ယာယီ ရပ်နားလိုက်ရတာဖြစ်ပါတယ်။
မြန်မာ့မီးရထားနဲ့ နီးစပ်သူက “ရထားသံလမ်းပေါ် ရေကျော်မှုတွေ ဖြစ်ပေါ်နေတယ်။ လေးမျက်နှာ ရေကာတာ ကျိုးပေါက်တဲ့ဒဏ်ကြောင့်ပါ။ ဖြတ်မောင်းရင် အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်လို့ ရပ်ဆိုင်းလိုက်ရတာ” လို့ ပြောပါတယ်။
ရေကျော်နေတဲ့ ရထားလမ်းကို ဖြတ်သန်းပြီး ပြေးဆွဲနေတဲ့ အမှတ် ၁၈၁ နဲ့ ၁၈၂ အဆန်/အစုန် အမြန်ရထား ၂ စင်းကို ပြေးဆွဲမှုယာယီရပ်ဆိုင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယာယီပြေးဆွဲမှု ရပ်နားထားမဲ့ အမှတ် ၁၈၁ နဲ့ ၁၈၂ အဆန်/အစုန် အမြန်ရထား ၂ စင်း ပြန်လည်ပြေးဆွဲထွက်ခွာမဲ့ ရက်ကို ပြန်လည်အသိပေး ကြေညာပေးသွားမယ်လို့ မြန်မာ့မီရထားက ပြောပါတယ်။










