DVB Logo
Home
မြန်မာသတင်း
ပြည်ပချေးငွေပြန်မဆပ်ရန် စစ်ကောင်စီညွှန်ကြားချက် ထိုင်းစီးပွားရေးလုပ်ငန်းများအပေါ် ဂယက်ရိုက်
DVB
·
July 21, 2022
ပြည်ပချေးငွေပြန်မဆပ်ရန် စစ်ကောင်စီညွှန်ကြားချက် ထိုင်းစီးပွားရေးလုပ်ငန်းများအပေါ် ဂယက်ရိုက်
Donate to DVB

ပြည်ပကနေ ရယူထားတဲ့ ချေးငွေတွေကို မဆပ်သေးဘဲ ဆိုင်းငံ့ထားဖို့နဲ့ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းရဲ့ နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် မြန်မာနဲ့ ဆက်နွှယ်လုပ်ကိုင်နေတဲ့ ထိုင်း စီးပွားရေးလုပ်ငန်းတွေ ဂယက် ရိုက်သွားပါတယ်။ 

ထိုင်းနိုင်ငံဟာ မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် မြန်မာပြည်ထဲလာ ရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ထိုင်းကုမ္ပဏီတွေရှိနေသလို နယ်စပ်ကုန်သွယ်မှုတွေလည်းရှိနေတာမို့ သက်ရောက်မှုနဲ့ နစ်နာဆုံးရှုံးမှုတွေ ဘယ်လောက်ရှိနိုင်မလဲဆိုတာကို ထိုင်းသတင်းဌာနတွေက သက်ဆိုင်ရာ စီးပွားရေးကျွမ်းကျင်သူတွေကို မေးမြန်းဖော်ပြနေကြပါတယ်။ 

TNN news မှာတော့ ဒီထုတ်ပြန်ချက်ကြောင့် မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ထိုင်းကုမ္ပဏီတွေထဲက MEGA ကုမ္ပဏီမှာ ၃၅ ရာခိုင်နှုန်း ၊  OSP ကုမ္ပဏီမှာ ၁၀ ရာခိုင်နှန်း ၊  CBG ကုမ္ပဏီမှာ ၇ ရာခိုင်နှုန်း နဲ့ BH ကုမ္ပဏီမှာ ၆ ရာခိုင်နှုန်း  သက်ရောက်မှုရှိကြောင်း ၊ PTTEP နဲ့  SSC စတဲ့ စွမ်းအင်နဲ့ ဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီကတော့ ထိခိုက်မှုမရှိ၊  ITDTTCL ,  SQ , NWR , SEAFCO စတဲ့ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာကုမ္ပဏီတွေကိုတော့ ခန့်မှန်းလို့ မရနိုင်ကြောင်း ၊  ထိုင်းနိုင်ငံရဲ့ ရေရှည်စီးပွားရေးနဲ့ ခရက်ဒစ်အပေါ်တော့ သက်ရောက်မှုမရှိဘူးလို့ ထိုင်းနိုင်ငံ UOBKH စတော့ဈေးကွက် လက်ထောက်မန်နေဂျာ နိုင်းကစ်ဖွန်း ဖိုင်ဖိုင်းဆန်ကစ်က TNN သတင်းဌာနကို ပြောပါတယ် ။ 

ထိုင်း-မြန်မာကုန်သွယ်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ  တာ့ခ်ခရိုင်ကုန်သည်များအသင်း ဥက္ကဋ္ဌလည်း ဖြစ်တဲ့ နိုင်းအိန့်ဝိထွန်းစကစ်ကလည်း ဒီနှစ်ထဲ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ပွင့်လာတာကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေး ပြန်ပြီးဦးမော့လာမယ့်အခြေအနေ ရှိနေချိန်မှာ မြန်မာဘက်က အခုလို့ ကြေညာတာကြောင့် ကုန်သည်လောကမှာ အနည်းနဲ့အများ စိုးရိမ်ပူပန်မှုတွေရှိနေကြောင်း၊  ငွေတွေကို အရင်လို G to G , B to B လွှဲလို့မရတော့ကြောင်း ၊ ဒါပေမဲ့ နယ်စပ်ဒေသတွေမှာ ထိုင်း ဘတ်၊ ယွမ်ငွေတွေ သုံးစွဲခွင့်ရနေတာကတော့ မြန်မာပြည်ထဲ ဝင်ရောက်ရင်းနှီးလုပ်ကိုင်သူတွေထက်စာရင် တော်သေးတယ်၊ နယ်စပ်ကုန်သွယ်မှုတွေ ရှိနေသေးလို့  တခြားတိုင်းပြည်တွေနဲ့ စာလိုက်ရင်လည်း တော်ပါသေးတယ်လို့ 3Plus News အင်တာဗျူးမှာ ပြောပါတယ်။ 

ဒီလိုပြဿနာမျိုးဟာ လွန်ခဲ့တဲ့ ၁၉၉၆ - ၉၇ ခုနှစ်လောက်တုန်းကလည်း တခါကြုံခဲ့ပြီဖြစ်ကြောင်း၊ အဲဒီတုန်းကလည်း အခက်အခဲတွေကြားကနေ နာလန်ပြန်ထူအောင်လုပ်ဆောင်နိုင်ခဲ့တယ်၊ ဒါကြောင့် အလျင်စလိုစိတ်မပူဘဲ အချိန်အတိုင်းအတာတစ်ခု စောင့်ဆိုင်းသင့်ကြောင်း၊ မြန်မာပြည်ထဲ သွားရောက်ရင်းနှီးထားသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လျှော့ချပြီး ဘဏ်ထဲ သိမ်းထားတဲ့ ငွေတွေတော့ ရသလောက်ပြန်ထုတ်ထားဖို့ သူက အကြံပြုပါတယ်။ 

မြန်မာဗဟိုဘဏ်ပတ်သက်လို့ ထိုင်းမြန်မာကုန်သည်များအသင်းကလည်း မကြာခင် အစည်းအဝေးလုပ်ဖို့ရှိကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့ ထုတ်ကုန်အရည်အသွေးတွေ ကောင်းမွန်နေသရွေ့ စီးပွါးရေးမပြိုလဲနိုင်ကြောင်း၊ ထိုင်းအစိုးရအနေနဲ့တော့ မြန်မာပြည်တွင်းမှာသွားရောက်ရင်းနှီးနေတဲ့ မိမိနိုင်ငံသားလုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို လိုအပ်သလို ပံ့ပိုးကူညီပါလို့ တိုက်တွန်းထားပါတယ်။

ထိုင်းဘဏ္ဍာရေးဝန်ကြီး နိုင်းအားခုမ်း ထိမ်းဖိထယားဖိုင်းဆစ်ကလည်း  မြန်မာအခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေကြောင်း ၊ ထိုင်းနိုင်ငံအနေနဲ့တော့ အရန်သုံးငွေ ဒေါ်လာသန်းပေါင်း ၂ သိန်းခွဲရှိနေသေးသလို ကမ္ဘာ့ငွေကြေး ခိုင်မာမှုမှာလည်း အဆင့် ၁၂ မှာ ရှိနေတာမို့ အထူးစိုးရိမ်ပူပန်စရာမရှိဘူးလို့  TNN သတင်းမှာပြောပါတယ်။ 

ထိုင်းစက်မှုဇုန်များအသင်းဥက္ကဋ္ဌ နိုင်းကရိန်းကိုင်း ထိမ်းအနုကွန်းကတော့ ပုဂ္ဂလိကလုပ်ငန်းရှင် တွေအနေနဲ့ မြန်မာနိုင်ငံဟာ ထိုင်းနဲ့ရောင်းဝယ်ဖောက်ကားနေပြီး ထိုင်းနိုင်ငံစီးပွါးရေးအတွက် လည်း အရေးကြီးတဲ့နိုင်ငံတနိုင်ငံဖြစ်လို့  စိုးရိမ်မှုရှိကြောင်း ၊  ဒီနှစ် ဇန်နဝါရီလကနေ ဧပြီလထိ နှစ်နိုင်ငံရောင်းဝယ်ရေး ၃၇ ဒသမ ၈၈ ရာခိုင်နှုန်းတိုးတက်လာကာမှ အခုလို ထုတ်ပြန်လာလို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကလည်း သူတို့ဆီကို ဖုံးဆက်ကာ ဘယ်လိုလုပ်ကြမလဲ၊ ကုန်ပစ္စည်း တွေပို့ထားတာ ငွေတွေလည်းပြန်မရသေးဘူး၊ နောက်ကို ကုန်ပစ္စည်းတွေ ဘယ်လိုပို့မလဲ ၊ ငွေတွေဘယ်လို ချေကြမလဲဆိုတာ မေးလာကြပြီး သူတို့လည်း အဖြေမပေးနိုင်ကြောင်း၊ လောလောဆယ် အဖွဲ့ပေါင်း ၄၅ ဖွဲ့က အခြေအနေကိုစောင့်ကြည့်နေပြီး ထိခိုက်မှုဖြစ်နိုင်တဲ့ လုပ်ငန်းတွေကတော့ မြန်မာပြည်ကိုအများဆုံးတင်ပို့ရောင်းချနေတဲ့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ပစ္စည်းထုတ်ကုန် လုပ်ငန်းတွေပဲလို့  ပြောသွားပါတယ်။ 

PPTV သတင်းမှာတော့ ADB အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အချက်အလက်တွေအရ မြန်မာပြည်ဟာ GDP အနုတ်လက္ခဏာပြနေပြီး ၁ ဒသမ ၁ ရာနှုန်းသာရှိကြောင်း၊ နိုင်ငံခြားကြွေးမြီမှာလည်း ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိနေလို့ သီရိလင်္ကာပြီးရင် နောက်ထပ်ဒေဝါလီခံရနိုင်တဲ့ နိုင်ငံဖြစ်တယ်လို့   သုံးသပ်ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013