DVB Logo
Home
မြန်မာသတင်း
အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ တတိယအကြိမ် သွားရောက်ရန် စီစဉ်နေ
DVB
·
July 21, 2022
အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့  တတိယအကြိမ် သွားရောက်ရန် စီစဉ်နေ
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဟာ  မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက်ဖို့ စီစဉ်နေပြီး တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့ပါက သူ့ရဲ့အရှိန်အဝါကို အသုံးချပြီး မြန်မာပြည် ပဋိပက္ခတွေအဆုံးသတ်ရေးအတွက် ကြိုးပမ်းလိုတယ်လို့ ပြောကြားလိုက်ပါတယ်။ 

လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့  ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့  ပရတ်ဆာခွန်းက စင်ကာပူအခြေစိုက် CNA (Channel News Asia) သတင်းဌာနနဲ့ ဇူလိုင် ၂၀ ရက်က  လူချင်းတွေ့ဆုံကာ အင်တာဗျူးဖြေဆိုရာမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ပရတ်ဆာခွန်းအနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံရပြီးနောက် နိုင်ငံခြားမီဒီယာတွေနဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဖြေကြားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖြစ်ခဲ့ရင်ဆွေးနွေးချင်တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပရတ်ဆာခွန်းက “ကျနော်တို့အဓိက သူ့ကို မေးမယ့်၊ ဆွေးနွေးမယ့်အကြောင်းတွေကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုဘယ်လိုမြင်သလဲဆိုတာရယ်၊ အခုကြုံနေရတဲ့ ပဋိပက္ခတွေကို ဘယ်လိုနည်းနဲ့ ကျော်ဖြတ်နိုင်မယ်လို့ ထင်သလဲဆိုတာရယ်၊ သူ့ရဲ့ နိုင်ငံရေးဩဇာဟာ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စု ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ဘယ်လောက်ထိ သက်ရောက်မှု ရှိနိုင်လဲ ဆိုတာတွေပါပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်ရေးလမ်းစဉ်က အခုပဋိပက္ခတွေဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ ဘယ်လိုလွှမ်းမိုးမှု ရှိနိုင်မလဲ ဆိုတာလည်း ဆွေးနွေးမေးမြန်းချင်တဲ့အကြောင်း အာဆီယံအထူးကိုယ်စားလှယ်က ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ အားလုံးက တိုက်ခိုက်မှုတွေရပ်လိုက်ပြီဆိုရင် သူတို့အားလုံးဟာ ပြည်ထောင်စုပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ဖြစ်လာမှာပါပဲ။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုပြန်လည်သင့်မြတ်ရေးတို့အတွက် အရေးအပါဆုံးသူတစ်ယောက်ဖြစ်နေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၃ ရက်မှ ၂၇ ရက်အထိ နယူယော့ခ်မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီ စက်တင်ဘာလ ဒုတိယအပတ်ထဲမှာ မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားတယ်လို့ ပရတ်ဆာခွန်းက ပြောတယ်။

ပထမအကြိမ်နဲ့  ဒုတိယ တရားဝင်ခရီးစဉ်တွေမှာ အာဆီယံ အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတာကို  စစ်ကောင်စီက ငြင်းပယ်ခဲ့ပြီး လာမယ့် တတိယ အကြိမ်မှာလည်း တွေ့ဆုံခွင့် ရမယ် မရဘူးဆိုတာ မသိရသေးပါဘူး။ 

အာဆီယံအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းတိုင်းမှာ လက်ရှိအမှုတွေ ရင်ဆိုင်နေရတာကို အကြောင်းပြပြီး  စစ်ကောင်စီကငြင်းပယ်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ တောင်းဆိုတာကို အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ငြင်းဆိုခဲ့ပြီး နောက်အကြိမ်တွေမှာတော့ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လို့ ဖြေကြားခဲ့ပါတယ်။ 

အခုချိန်မှာ စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က သီးသန့်အကျဉ်းထောင်မှာ ပို့ဆောင်ပြီး တယောက်တည်း အကျဉ်းချထားပါတယ်။

Photo Credit- Mfaic

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013