DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၁၀၀ နီးပါးထိ မြင့်တက်လာ
DVB
·
July 21, 2022
စစ်အုပ်စု အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၁၀၀ နီးပါးထိ မြင့်တက်လာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၀၉၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၈၁၂ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၇၄၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၄၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၄၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၉ ရက်မနက် ၂ နာရီဝန်းကျင်အချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပိန္နဲတောင်ကျေးရွာထဲကို ပုလောအခြေစိုက် ၂၈၅ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်က ကျေးရွာအတွင်းရှိ နေအိမ် တလုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား တယောက်ဖြစ်သူ ကိုဇင်ဝိုင်းကို ထိမှန်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၈ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ စိန်သာကျေးရွာမှ ကိုပြည့်စုံဦးဟာ အရာတော်-ဝါးတောမလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာချိန် ကျွဲခြံကျေးရွာအနီးအရောက် အကြမ်း ဖက်စစ်အုပ်စုတပ်က စစ်ဆေးဖို့ တားဆီးချိန်မှာ ရပ်တန့်မပေးတာကြောင့် ပစ်သတ်ခံခဲ့ရပါတယ်။ ကိုပြည့်စုံဦးရဲ့  ရုပ်အလောင်းကို လမ်းဘေးမှာ ပစ်ထားခဲ့ကာ ဆိုင်ကယ်နဲ့ ဖုန်းကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ကိုပြည့်စုံဦးဟာ ကျေးရွာကို ပြန်လာချိန် ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ရင်ဘတ်နဲ့ ပေါင်တို့ကို ထိမှန်ကာ နေရာတင် သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013