DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၁ နှစ်ခွဲအတွင်း ဖမ်းဆီးခံရသူပေါင်း ၁၄၇၀၀ ကျော်၊ ပစ်ခတ်သတ်ဖြတ်ခံရသူ ၂၀၉၂ ဦးထိရှိလာ
DVB
·
July 20, 2022
စစ်အာဏာသိမ်း ၁ နှစ်ခွဲအတွင်း ဖမ်းဆီးခံရသူပေါင်း ၁၄၇၀၀ ကျော်၊ ပစ်ခတ်သတ်ဖြတ်ခံရသူ ၂၀၉၂ ဦးထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၀၉၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၇၃၆ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၆၆၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၄၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၄၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှ ကျောင်းဆရာ ၂ ယောက်ဖြစ်တဲ့ ဦးဇော်ထက် (ခ) ရွှေမန်းနဲ့ ဦးနေလင်းတို့ကို အကြမ်းဖက်စစ်အုပ်စုက ဇူလိုင် ၁၇ ရက်မှာ ဖမ်းဆီးသွားခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါကျောင်းဆရာ ၂ ယောက်ဟာ CDM ပြုလုပ်ပြီးနောက် ပြင်ပမှာ အင်္ဂလိပ်စာသင်ကြားနေကြသူတွေဖြစ်ပြီး ဆူပူအကြမ်းဖက်ဖို့အတွက် လှုံ့ဆော်တယ်၊ တရားမဝင်စာသင်တယ်လို့ စွပ်စွဲ ခံရကာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ မြိတ်ကွန်ပျူတာက္ကသိုလ်မှ မော်ကွန်းထိန်း ဒေါ်သီသီဆွေ၊ မြိတ်နည်းပညာတက္ကသိုလ်မှ ဆရာမ ဒေါ်အိအိဖြိုး၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ဆရာ ဦးအာကာမောင်နဲ့ မြိတ်မြို့ အ.ထ.က (၁) မှ ကျောင်းဆရာမ တယောက်တို့ကို ရဲနဲ့ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့) တို့က ဧည့်စာရင်းစစ်မယ်ဆိုကာ ဇူလိုင် ၁၄ ရက် ညအချိန်က ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013