လက်ဘနွန်နိုင်ငံမှာ အစ္စရေးရဲ့ ဆက်လက် တိုက်ခိုက်နေမှုကြောင့် ဟော်မုဇ်ရေလက်ကြားကို နောက်တကြိမ် ပိတ်ချလိုက်ကြောင်း အီရန်က ဇွန် ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။
အီရန်နဲ့ အစ္စရေး၊ အမေရိကန် စစ်ပွဲကြောင့် ဟောမုဇ်ရေလက်ကြားကို ဖေဖော်ဝါရီလဆန်းပိုင်းလောက်ကတည်းက စတင်ပိတ်ထားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အကန့်အသတ်တွေနဲ့ ပြန်ဖွင့်ပေးခဲ့တာရှိပါတယ်။
ပိတ်လိုက်၊ ဖွင့်လိုက်လုပ်နေတဲ့ ဒီကာလအတွင်း ဟောမုဇ်ရေလက်ကြားကို ဖြတ်နိုင်ဖို့အတွက် တချို့သင်္ဘောတွေဟာ ပင်လယ်ထဲမှာ မျှောထားရပြီး လနဲ့ချီ စောင့်ဆိုင်းနေရတာလည်းရှိတယ်လို့ မြန်မာသင်္ဘောသားတွေက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ဟောမုဇ်ရေလက်ကြားကို အလုံးစုံပြန်ဖွင့်နိုင်ဖို့ ကြိုးစားမယ်လို့ ဇွန် ၁၉ ရက်က ပြောခဲ့ပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဇွန် ၂၂ ရက်နေ့မှာ အီရန်ရေတပ်ဘက်ကတော့ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းချင်ရင် သူတို့ဆီကို ကြိုတင်အကြောင်းကြား ခွင့်ပြုမိန့်တောင်းဖို့နဲ့ သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းက မသွားရင် ပစ်မိန့်ပေးထားတယ်လို့ သိရပါတယ်။
အမေရိကန်ဘက်ကတော့ အိုမန်နိုင်ငံဘက်က ကပ်သွားပြီး သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ဖြတ်သန်းခွင့်တွေ ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြေအနေ စိတ်မချရသေးတဲ့အတွက် သတင်းတွေပဲ နားစွင့်နေရတယ်လို့ မြန်မာသင်္ဘောသားတယောက်က ပြောပါတယ်။
“အပစ်အခတ်တွေကတော့ မရှိဘူး၊ ဘာအသံမှလည်း မကြားဘူး။ ဟိုဘက်က အစ္စရေးနဲ့ လက်ဘနွန်ကတော့ ဘာအသံမှလည်း မကြားဘူး။ အခုလောလောဆယ်လည်း မပစ်ဘူး။ အစ်ကိုတို့နားမှာ ဘာအသံမှ မကြားတာတော့ ကြာပြီ။ အဓိက အစ်ကိုတို့ ထွက်ဖို့ပဲ စောင့်နေတာပေါ့။ အခုဆွေးနွေးနေတဲ့ သတင်းတွေ စောင့်နေတာပေါ့။ အစ်ကိုတို့က ဆိပ်ကမ်းမှာ မဟုတ်ဘူး၊ မျှောထားတာပေါ့။ အဘူဒါဘီနဲ့ မိုင် ၅၀ လောက် အကွာမှာ၊ အစ်ကိုတို့ တကယ်တမ်းကျတော့ ဒီထဲကို စစ်မဖြစ်ခင်တည်းက ရောက်နေတာပေါ့နော်။ ပြီးတော့ ပြန်ထွက်လို့မရတော့ဘူး၊ ၃ လကျော်ပြီ၊ အခုတော့ ၄ လနီးပါးရှိပြီ။”
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ သင်္ဘောတွေပေါ်က စာချုပ်ပြည့်ပြီးသား သင်္ဘောသားတွေဟာလည်း လူပြောင်းခွင့်မရသေးတဲ့ အခြေအနေတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
အဲဒီသင်္ဘောလိုင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သင်္ဘောသားတွေဟာ ပိတ်မိနေတာ ၄ လနီးပါး ကြာမြင့်လာပြီဖြစ်တဲ့အတွက် အချိန်နဲ့အမျှ သတင်းတွေ နားစွင့်နေကြပြီး ဟော်မုဇ်ရေလက်ကြားကနေ ဘေးအန္တရာယ်ကင်းကင်း ဖြတ်သန်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
ပိတ်မိနေတဲ့ သင်္ဘောသားတွေကိုတော့ ကုမ္ပဏီဘက်က လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးထောက်ပံ့မှုနဲ့ War Zone Allowance တွေ ပေးထားတယ်လို့ မြန်မာသင်္ဘောသား တယောက်က ပြောပြပါတယ်။
“လောလောဆယ်တော့ အထဲမှာရှိတဲ့ သင်္ဘောတွေကတော့ Crew Change လုပ်လို့မရဘူး။ ပြန်လည်း အပြင်ထွက်လို့ မရဘူး။ ရှင်းရှင်းပြောရရင်တော့ ကျနော်တို့က ခံဘက်ကပေါ့ဗျာ။ ဟိုက ပစ်လိုက်လို့ ထိသွားရင်လည်း ကျနော်တို့က ခံပေါ့ဗျာ။ နောက်ပိုင်းကျတော့မှသာ အသေအပျောက် အပျက်အစီးနဲ့ ကိုယ်ခန္ဓာထိခိုက်တာတွေ ရှိမှသာ insurance က cover ပေးတာပေါ့နော်။ ကာကွယ်ရေးအတွက်ကတော့ War Zone ဖြစ်တဲ့အချိန်မှာ ကာကွယ်ရေးကတော့ မရှိဘူး။ ပင်လယ်ဓားပြနေရာတွေကို ဖြတ်ရင်ပဲ guard တွေ တင်ပေးတာပေါ့။”
သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဟော်မုဇ်ရေလက်ကြားကို ဆက်ပြီးဖွင့်ထားတယ်လို့ ဇွန် ၂၁ ရက်မှာ ပြောဆိုထားပြီး သင်္ဘောတွေက မဖြတ်ရဲသေးတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ အိုမန်နိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြားမှာ တည်ရှိပြီး ကမ္ဘာ့ရေနံတင်ပို့မှုတွေရဲ့ ၅ ပုံ ၁ ပုံလောက် ဖြတ်သန်းတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ပျမ်းမျှအနေနဲ့ တရက်ကို ရေနံစည်ပေါင်း သန်း ၂၀ ကျော် ဖြတ်သန်းခဲ့ပါတယ်။










