DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ်၏လုပ်ရပ်ကြောင့် နိုင်ငံတကာတွင် မြန်မာစီးပွားရေးလုပ်ငန်းများ နာမည်ပျက်
DVB
·
July 19, 2022
စစ်ကောင်စီဗဟိုဘဏ်၏လုပ်ရပ်ကြောင့် နိုင်ငံတကာတွင် မြန်မာစီးပွားရေးလုပ်ငန်းများ နာမည်ပျက်
Donate to DVB

ပြည်ပချေးငွေတွေကို ပြန်မဆပ်ဘဲ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီဩဇာခံဗဟိုဘဏ်က  ညွှန်ကြားထားတာဟာ နိုင်ငံတကာနဲ့ စီးပွားဆက်ဆံရေးမှာ မြန်မာအပေါ် ယုံကြည်မှု ပျက်ပြားစေပြီး အမည်ပျက်စာရင်း (blacklist) ဝင်သွားပြီဖြစ်တယ်လို့ စီးပွားရေးသုတေသီတွေက ပြောပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းတို့အရ ပြည်တွင်းမှာ နေထိုင်သူတွေက  ပြည်ပမှ ငွေသားဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ရယူထားတဲ့ ပြည်ပချေးငွေ အသီးသီးရဲ့  အတိုးနဲ့ အရင်း ပြန်လည်ပေးဆပ်တာကို လတ်တလောကာလမှာ ဆိုင်းငံ့ထားဖို့  ဇူလိုင် ၁၃ ရက်နေ့စွဲနဲ့ ညွှန်ကြားထားတာပါ။

အဆိုပါညွှန်ကြားချက်အရ AD လိုင်စင်ရဘဏ်တွေအနေနဲ့ မိမိ၏ customer တွေဖြစ်တဲ့ ပြည်ပချေးငွေရယူထားတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို ချေးငွေ အတိုးနဲ့ အရင်း ပြန်လည်ပေးဆပ်ရမယ့်  အစီအစဉ်ကို ပြည်ပရှိ ငွေချေးငှားသူတွေနဲ့  ညှိနှိုင်းပြီး လိုအပ်သလို ပြင်ဆင် ဆောင်ရွက်သွားကြဖို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ပြောဆိုခဲ့တာပါ။

နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်သူအစိုးရ ကိုယ်စား ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရတဲ့ ဗဟိုဘဏ်က အခုလို ပြောဆိုလာတာဟာ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာ အရုပ်ဆိုး အကျည်းတန်စေတဲ့ အမည်းစက်ကြီးကို ထင်ကျန်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သုတေသီတွေက ဝေဖန်ပြောပါတယ်။

စီးပွားရေးသုတေသီတဦးက “အကြွေးဆိုတာမျိုးက ပုဂ္ဂလိက ချေးတာပဲဖြစ်ဖြစ်၊ အစိုးရက ချေးတာပဲဖြစ်ဖြစ် သူ့သတ်မှတ်ကာလရောက်ရင် အတိုးနဲ့အရင်းရော ပြန်လည်ပေးဆပ်ရမှာက ထုံးစံပဲလေ။ မဟုတ်ဘူးလား။ အခုတော့ သူတို့ကိုယ်တိုင်က မဆပ်ကြနဲ့ဦး၊ ဆိုင်းငံ့ထားကြဦး ဆိုတော့ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာ ယုံကြည်မှုကို ပျက်ပြားစေတာပေါ့။ ယုံကြည်မှု ပျက်ပြားရင် ဘာဖြစ်လဲဆို ဒီလူတွေနဲ့ မဆက်ဆံတော့ဘူးပေါ့။ ပိုဆိုးသွားစေတာက အမည်ပျက်စာရင်း (black list) ထဲရောက်သွားပြီဆိုတော့ အစစအရာရာ ဆုံးရှုံးနစ်နာမှု ရှိစေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုင်းပြည်အတွက် မရှိမဖြစ် ထားရှိရတဲ့ နိုင်ငံခြားသုံးငွေ အရန်ငွေကြေးဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ လျော့နည်းလာတဲ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ နှစ်ရှည်အတိုးမဲ့ ချေးငွေတွေကလည်း မရရှိတော့တဲ့အတွက် နိုင်ငံခြားသုံးငွေ လိုအပ်ချက်က စစ်ကောင်စီအဖို့ ကြီးစွာပြဿနာရှိလာပါတယ်။

စီးပွားရေးပညာရှင်တဦးကလည်း “အခုဟာ ကျနော်မြင်တာက ဒေါ်လာက ပြတ်သလောက်နီးပါး ဖြစ်နေပြီလား မပြောနိုင်ဘူး။ ရှိရင်လည်း အနည်းအကျဉ်းလောက်တော့ ရှိကောင်း ရှိမယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆို ဖွံ့ဖြိုးဆဲတိုင်းပြည်တွေအနေနဲ့က အရေးပေါ် ကုန်ပစ္စည်းတွေ သွင်းနေရတာ ရှိတယ်နော်။ ဥပမာ စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးတွေနဲ့ မရှိမဖြစ် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေက သွင်းကို သွင်းရမှာဘဲ။ မသွင်းတာနဲ့ တိုင်းပြည် စီးပွားရေးက ရပ်တန့်သွားမှာနော်။ သွင်းဖို့အတွက်ကလည်း ဒေါ်လာ လိုအပ်ချက် ရှိနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တကယ်လို့ ဒီလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ပါက မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံ နည်းတူ အကျပ်အတည်း ဖြစ်ပေါ် လာမယ့် အခြေအနေ ရှိနေတာပါ။

“ကျနော်တို့ မသိနိုင်တာက စစ်ကောင်စီလက်ထဲမှာ ဒေါ်လာဘယ်လောက် ကျန်ရှိမလဲ၊ ပြီးတော့ သွင်းကုန်အတွက် ဘယ်လောက်အထိ ထိန်းထားနိုင်မလဲဆိုတာဘဲ။ အဲဒါ ပြတ်သွားပြီဆိုရင် သီရိလင်္ကာမှာ ဖြစ်နေတဲ့ ပုံစံမျိုး ဖြစ်လာမှာပေါ့။ သီရိလင်္ကာမှာဆိုရင် တိုင်းပြည်အတွက် နိုင်ငံခြား အရန်ငွေကြေးဆိုတာ မရှိတော့ဘူး။ ကုန်ခန်းသွားလို့ စက်သုံးဆီ၊ ဆေးဝါးတို့ ဘာမျှ မသွင်းနိုင်တော့ဘူး။ အဲဒီကနေ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျလာပြီး ပြိုလဲသွားတယ်။ နောက်ဆုံး နိုင်ငံရေးပြဿနာအထိ ကူးပြောင်းသွားတယ်။ သမ္မတရုံးကို ဝင်စီးကြတယ်။ သမ္မတကလည်း ထွက်ပြေးနေရတယ်” လို့ ၎င်းက ဒီဗွီဘီကို ဆက်လက်ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တနှစ်တာကာလအတွင်းမှာ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည့်လေ့လာတဲ့ အစီရင်ခံစာမှာ မြန်မာ့စီးပွားရေးဟာ ယခင်နှစ်တွေထက် ၃၀ ရာခိုင်နှုန်း လျော့ကျမှုရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဒီနောက် ၂၀၂၂ ခုနှစ်အတွက် နောက်ဆုံးထုတ်ပြန်တဲ့ နိုင်ငံတကာစီးပွားရေးသုံးသပ်ချက် အစီရင်ခံစာမှာတော့  မြန်မာ့နိုင်ငံရဲ့ စီးပွားရေးဟာ ခန့်မှန်းတွက်ချက်လို့ မရနိုင်လောက်အောင် ဆိုးရွားကျဆင်းနေတဲ့အတွက် မခန့်မှန်းတော့ပဲ  ကွက်လပ်ထားပြီး ချန်လှပ်ထားခဲ့ရတဲ့ အခြေအနေ ဆိုက်ရောက်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013