
တရုတ်နည်းပညာကုမ္ပဏီတွေကို ပေကျင်းစစ်တပ်ကို ကူညီနေတဲ့ ကုမ္ပဏီတွေအဖြစ် စာရင်းသွင်းလိုက်တဲ့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကို ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၉ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က "အမေရိကန်ဟာ အမျိုးသားလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်ကို အလွန်အကျွံ သုံးနေပြီးတော့ အကြောင်းပြချက် အမျိုးမျိုးပေးပြီး ခွဲခြားဆက်ဆံတဲ့ စာရင်းတွေ လုပ်ကာ တရုတ်ကုမ္ပဏီတွေကို မတရား ဖိနှိပ်နေတာတွေကို တရုတ်နိုင်ငံအနေနဲ့ အစဉ်တစိုက် ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ အမေရိကန်အနေနဲ့ ဒီလို မှားယွင်းတဲ့လုပ်ရပ်တွေကို ပြင်ဆင်ဖို့နဲ့ တရုတ်လုပ်ငန်းတွေအပေါ် အကြောင်းပြချက်မရှိ နှိပ်ကွပ်နေတာတွေကို ရပ်တန်းကရပ်ဖို့ တိုက်တွန်းပါတယ်။ တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင် ရပိုင်ခွင့်နဲ့ အကျိုးစီးပွားတွေကို ပြတ်ပြတ်သားသား ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို တရုတ်နိုင်ငံက လုပ်ဆောင်သွားမယ်" လို့ ပြောပါတယ်။
ဒီလို စာရင်းသွင်းလိုက်တာဟာ တရုတ်ကုမ္ပဏီတွေကို တရားဝင် အရေးယူပိတ်ဆို့တာမျိုး မဟုတ်သေးပေမဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ဒီလနှောင်းပိုင်းကစပြီး အဲဒီစာရင်းဝင် ကုမ္ပဏီတွေနဲ့ တိုက်ရိုက် စာချုပ် ချုပ်ဆိုတာမျိုး လုပ်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။
ဒါ့အပြင် ၂၀၂၇ ခုနှစ်မှာစပြီး ကြားခံ တတိယ အဖွဲ့အစည်းကတဆင့် သူတို့ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ဝယ်ယူတာမျိုးလည်း လုပ်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။
အမေရိကန်ဟာ ဇွန် ၈ ရက်က တရုတ်ရဲ့ နာမည်ကြီး အွန်လိုင်းအရောင်းအဝယ် ကုမ္ပဏီကြီးဖြစ်တဲ့ အလီဘာဘာ၊ အင်တာနက် ရှာဖွေရေးလုပ်ငန်းဖြစ်တဲ့ ဘိုင်ဒူနဲ့ မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းတွေဖြစ်တဲ့ BYD နဲ့ NIO တို့ကို ဒီစာရင်းထဲ ထည့်သွင်းလိုက်တာဖြစ်ပြီး ဒါဟာ ၂ နိုင်ငံကြား တင်းမာမှုတွေကို ပိုပြီး အရှိန်မြင့်လာစေနိုင်ပါတယ်။
အခုစာရင်းထဲမှာ ပေကျင်းရဲ့ စစ်ရေးနဲ့ စက်မှုစွမ်းရည် တိုးတက်ဖို့အတွက် အဓိကကျတဲ့ တရုတ်ရဲ့ ထိပ်တန်း နည်းပညာကုမ္ပဏီ အများအပြား ပါဝင်နေတာကြောင့် ဒါဟာ ၂ နိုင်ငံကြား ပြင်းထန်တဲ့ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေကြားထဲက ဝါရှင်တန်ရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ထင်ဟပ်နေတာပဲ ဖြစ်ပါတယ်။
Source: Reuters











